Tuesday 7 February 2012

ဥပဒေနှင့် ပတ်သက်၍၊ ဂျာနယ်များနှင့် ပတ်သက်၍၊ ဆေးပညာနှင့် ပတ်သက်၍-၎

၁၀-၁။ ပိုဒ်ရေ ၆-၁ နှင့် ၆-၂ တွင် အသရေဖျက်မှု နှင့် အသရေဖျက်မှု အထမြောက်ရန် လိုအပ်ချက် လေးချက်ကို ဖေါ်ပြခဲ့ပါသည်။ ထိုလေးချက်နှင့် ပြည့်စုံစေကာမူ ကင်းလွတ်ချက်များနှင့် အကျုံးဝင်နေလျှင် အသရေဖျက်မှု မမြောက်နိုင်ပါ။ ယခုထိုကင်းလွတ်ချက်များထဲမှ ဤစာစု အစဉ်နှင့် ကိုက်ညီ ဆက်စပ်သော ကင်းလွတ်ချက်များကို ဖေါ်ပြရှင်းလင်းပါမည်။



၁၀-၂။ သတိထားရမည့် အချက်မှာ ဥပဒေသည် အပြစ်ရှိသူ ပြစ်ဒဏ်ကျခံရရေးထက် အပြစ်ကင်းမဲ့သူတစ်ယောက် မှားယွင်း ပြစ်ဒဏ်ကျခံရမှုမရှိစေရန် ကာကွယ်ထားရပါသည်။ လူရည်လည်သူအချို.သည် ထိုအကာအကွယ်များကိုယူကာ အမှန်တကယ် အပြစ်ကျူးလွန်ပါလျှက်နှင့် လွတ်မြောက်ရန်ကြိုးပမ်းတတ်ပါသည်။ ယခုဖေါ်ပြမည့် ကင်းလွတ်ချက်များသည် မသမာသူတို.အတွက် အကောင်းဆုံး အယောင်ဆောင်မျက်နှာဖုံးများ ဖြစ်ကြောင်း ကြိုတင် အသိပေးထားလိုပါသည်။



၁၁-၁။ ကင်းလွတ်ချက်(၁)မှာ တစ်ဦးတစ်ယောက်သော သူနှင့် စပ်လျှင်း၍ မှန်ကန်သော စွပ်စွဲချက်ကို အများပြည်သူအကျိုးအတွက်ပြုလုပ်ရန်၊ သို.တည်းမဟုတ် ကြေငြာရန်သင့်သည်ဖြစ်လျှင် ထိုစွပ်စွဲချက်သည် အသရေဖျက်မှု ဖြစ်သည်မမည်။ အများပြည်သူအကျိုးအတွက် ဟုတ်မဟုတ်ဆိုသည်မှာ ကြောင်းခြင်းရာ ပြဿနာဖြစ်သည်။



၁၁-၂။ အဓိပ္ပါယ်ကမူ ရှင်းပါသည်။ ပြည်သူအများအကျိုးရှိမည်ဆိုလျှင် မှန်ကန်သော စွပ်စွဲချက်သည် အသရေဖျက်မှု မမြောက်ဟု ပြောနေခြင်းဖြစ်သည်။ သို.သော် ခက်နေသည်က ကြောင်းခြင်းရာပြဿနာ ဖြစ်နေသည်။ အများပြည်သူ အကျိုးအတွက်ဆိုသည်မှာ အဘယ်နည်း။ ကြောင်းခြင်းရာ ပြဿနာဆိုသည်မှာ အဘယ်နည်း။ ယုတ်မာသော ဂျာနယ်လစ်အချို. အတွက်မူ မသမာမှုကို နာမည်ကောင်းအဖြစ်ပြောင်းရန် အင်မတန်လွယ်သွားပါသည်။ အကျယ်ရှင်းရပါမည်။



၁၁-၃။ တိုင်းရင်းဆေးဆရာ အတုတစ်ယောက်သည် ကင်ဆာရောဂါပျောက်ကင်းနိုင်သည်ဟု လိမ်လည်ကာ အရေပြားကို လောင်စေသော ဆေးများဖြင့် ကုသနေသည်။ ထို ဆရာလိမ်အကြောင်း ဂျာနယ်တွင်ဖေါ်ပြခြင်းသည် အများပြည်သူ.အကျိုး အတွက်ဟု လက်ခံနိုင်စရာရှိသည်။ ထို ဆေးဆရာဝယ် အသိအမှတ်ပြုလက်မှတ်မရှိခြင်း၊ မသိနားမလည်သူများ နောက်ထပ် အလိမ်အညာမခံရခြင်းတို.သည် အများပြည်သူ အကျိုးအတွက် ထိရောက်သော စွပ်စွဲချက် ဖြစ်သဖြင့် ထိုသမားလိမ်၏ အကျိုးစီးပွားကို ထိခိုက်စေကာမူ အသရေဖျက်မှု အဖြစ်မှ ကင်းလွတ်ခွင့်ရနိုင်ပါသည်။



၁၁-၄။ မကြာသေးမီက လူ.အသက်ပေါင်းများစွာ ကယ်တင်ခဲ့သော ဆရာဝန်ကြီးတစ်ဦး ကုသနေသော လူနာတစ်ဦးဆုံးသွားသည်။ မှားယွင်းကုသမှုကြောင့်ဟု ဂျာနယ်များတွင်ဖွသည်။ အများပြည်သူအကျိုး ဘာရှိသနည်း။ ထိုဆရာဝန်ကြီး အမှန်တကယ်မှားသည်ပဲထား၊ သူ.ဘ၀တွင်နောက်ထပ်အသက်ပေါင်းများစွာ ကယ်နိုင်ပါသေးသည်။ မမှားယွင်းပဲ အထင်အမြင်လွဲခြင်းဖြစ်လျှင် ထိုဆရာဝန်ကြီး၏ ဂုဏ်သိက္ခာ အကြောင်းမဲ့ကျရသည်။ မည်သည့်နေရာတွင် ပြည်သူတို.အကျိုးရှိသည် ဟု ပြောနိုင်ပါမည်နည်း။ တစ်ကြိမ်မှားခြင်းအား ဂျာနယ်တွင်ဖွခြင်းကို ပြည်သူ.အကျိုးအတွက်ဟု နာမည်တပ်လိုလျှင်တပ်ကြပါ။ အမှန်စင်စစ် ဂျာနယ်ရောင်းအားတက်စေရန် တိုင်းပြည်က လိုအပ်နေသော ပညာရှင်တစ်ယောက်ကို 'ထိုးကျွေး' လိုက်ခြင်းသာ ဖြစ်ပါသည်။



၁၁-၅။ အများပြည်သူ.အကျိုးအတွက်ဆိုသည်မှာ ကြောင်းခြင်းရာ ပြဿနာဟု ဆိုပါသည်။ ပြည်သူ.အကျိုးအတွက်ဟု နာမည်တပ်လျှင် ငြင်း၍မရနိုင်သော ပြဿနာမျိုး ဆိုသော်လည်း စိတ်ရင်းစေတနာကို လှမ်းကြည့်လျှင် ကိုယ်ကျိုးသာဖြစ်နေတတ်ပါသည်။ ဂျာနယ်လစ်ကျင့်ဝတ်များတွင် ရာဇ၀တ်မှုဖြင့် တရားစွဲဆိုခံရသော တရားခံဖြစ်ပါစေ၊ အပြစ်ရှိသည်ဟု တရားရုံးမှ ဆုံးဖြတ်ချက်မချမချင်း အပြစ်ကင်းမဲ့သည်ဟု သဘောထားရမည်ဖြစ်သည်။ သို.ရာတွင် ယနေ. (အချို.သော ကျင့်ဝတ်မဲ့) ဂျာနယ်လစ်များကမူ ဆုံးဖြတ်ချက်ချပြီးသား အရေးအသားမျိုးဖြင့် လူတစ်ဦး၏ ဘ၀ကို ဂျာနယ်စောင်ရေဖြင့် လဲလှယ်ကြပါသည်။ ဥပဒေ ကင်းလွတ်ချက်ရနိုင်သော်လည်း စေတနာကိုမူ သံသယဖြစ်ရပါသည်။



၁၂-၁။ ဒုတိယကင်းလွတ်ချက်။ ပြည်သူ.၀န်ထမ်းအဖြစ်ဖြင့် အလုပ်ဝတ္တရားဆောင်ရွက်ရာတွင် ထိုပြည်သူ.၀န်ထမ်း၏ အပြုအမူနှင့် စပ်လျင်း၍သော်လည်းကောင်း၊ ထိုပြည်သူ.၀န်ထမ်း၏ အကျင့်စာရိတ္တသည် ထိုသူ၏ အပြုအမူ၌ ထင်ပေါ်နေသည်အထိ ထိုသူ၏ အကျင့်စာရိတ္တနှင့် စပ်လျင်း၍သော်လည်းကောင်း တစ်ဦးတစ်ယောက်သောသူက သဘောရိုးဖြင့် မိမိထင်မြင်ချက်ကို ဖေါ်ပြခြင်းသည် အသရေဖျက်မှု ဖြစ်သည်မမည်။



(ဆက်ပါမည်)

1 comment:

  1. Ei Phyu Phyu Khin ‎"၁၁-၄" မှာ ရေးယခင်ကဆိုတာထက် မကြာသေးမီက ဆိုရင် ပို မှန်ပါလိမ့်မယ်ဆရာ၊ ဆရာလုပ်လိုခြင်းမဟုတ်ပါ။ ဆရာကြီးဆေးကုခွင့်မရတဲ့ခါ သူ့လူနာတွေ တလယ်လယ်ဖြစ်ခဲ့ကြတာ၊ မမေ့နိုင်သေးလို့ပါ။

    ReplyDelete

Note: only a member of this blog may post a comment.