Friday 27 January 2012

ငါးစိမ်းသည်တွေလား၊ ဆရာဝန်တွေလား


၁-၁။ 'တခါတခါ ဆရာဝန်တွေလား၊ ငါးစိမ်းသည်တွေလား။ ခွဲခြားရခက်တယ်။ ဒီစကားပြောလို. ဆရာဝန်အားလုံးနဲ. မိတ်ဆွေပျက်ရလည်း ၀မ်းမနည်းပါ။' သည်စကားကို ပြောသူသည် ဂျာနယ်လစ်တစ်ယောက်မဟုတ်ပါ။ အရပ်သားတစ်ယောက်မဟုတ်ပါ။ အနုပညာရှင် ဆိုသူတစ်ယောက်မဟုတ်ပါ။ ဆီလီဘရစ်တီ တစ်ယောက် မဟုတ်ပါ။ ဆရာဝန်မှ 'ဆရာဝန် စစ်စစ်' တစ်ယောက်သာ ဖြစ်သည်။
၁-၂။ ကြားကာစကမူ အတော်စိတ်ဆိုးပါသည်။ ပြောသူက ဆရာဝန်ဖြစ်၍ ပို၍စိတ်ဆိုးပါသည်။ သို.သော် (ထိုစကားသည် အစွန်းသို.ရောက်သွားသည့်တိုင်) အမှန်တရား ပါနေသည်ကိုတော့လည်း စိတ်ထဲတွင် သိနေသည်။ ဘာကြောင့် သူပြောသလဲ၊ ဘယ်လို စိတ်သမူဟနဲ. သူပြောသလဲ ပြန်လည်ဆန်းစစ်ချင်လာသည်။

၁-၃။ ဆီလီဘရစ်တီပေါက်စလေးတစ်ယောက်က စကားမှားသည်။ တစ်နှစ်မှာ ဆရာဝန်တွေ ထောင်ချီထုတ်နေပေမယ့် အနုပညာရှင်တစ်ယောက်ဖြစ်လာဖို.မလွယ်ဘူး။ ဆရာဝန်အများစုက စိတ်ဆိုးကြသည်။ သူ.ဖေ့စ်ဘုတ်စာမျက်နှာမှာ (အုံနှင့်ကျင်းနှင့်) ရေးကြသည်။ ပညာသားပါပါရေးသူရှိသလို ဆဲသူများ၊ ဖဲ့သူများလည်း တပုံတပင်ပါသည်။ ထိုသူများထဲတွင် အများစုက ပြောရန်မလို၊ ဆရာဝန်များ။

၂-၁။ ဆရာဝန်များသည် ကျီးကန်းတွေလို တစ်ကောင်ထိရင် ၀ိုင်းပြီး အာကြသည်ဆိုသည့်စကားလည်း ကြားရသည်မှာ မကြာသေးပါ။ သူရို. ပြောသလို ဆရာဝန်များသည် ဆတ်ဆတ်ထိမခံ ဖြစ်များနေပြီလား။ မာနနားထင်ရောက်၍ အမှားအမှန်မခွဲခြားပဲ လုံးကြီးတင်မခံ၊ သေးသေးတင်မခံ 'ငါတကောကော' နေကြသူများ ဖြစ်နေပြီလား။ ကိုယ့် ပရောဖက်ရှင်နယ်ကို ကာကွယ်ခြင်းဖြစ်သော်လည်း ပြည်သူတွေ စိတ်ထဲဝယ် ထင့်သွားမည့် ကိစ္စများ မဖြစ်စေချင်သည်မှာတော့ အမှန်။

၂-၂။ ပြဿနာကို လက်ကုန်နှိုက်ရန် စိတ်မကူးပါ။ (ပြဿနာလည်း ဟုတ်ကောင်းမှဟုတ်ပါမည်) အဘယ့်ကြောင့်နည်းဟု ပညာရပ်ဆန်ဆန် အဖြေရှာရန်လည်း ခက်ပါသည်။ လေးလေးပင်ပင် ပြောရန်လည်းစိတ်မကူးပါ။ တွေးလုံးများအဖြစ်တွေးကြည့်ခြင်းဟုသာ သဘောထားစေချင်ပါသည်။ သိုးဆောင်းအရပ်မှ ပြောလေ့ရှိသော စကားလေးကို ပြန်ပါးချင်ပါသည်။ လူတစ်ယောက်က ကုလားအုတ်တစ်ကောင်၏ ကျောပေါ်သို. ပစ္စည်းများတင်သည်။ တင်ရင်းတင်ရင်းနှင့် နောက်ဆုံးကုလားအုတ် သည်နိုင်သော ၀န်ကုန်သွားသည်။ ထိုလူက ကုလားအုတ်သယ်နိုင်သော နောက်ဆုံးမှတ်ရောက်နေသည်ကို သတိမထားမိပဲ ကောက်ရိုးလေးတစ်ချောင်း တင်လိုက်ရာ ကုလားအုတ်ခမျာ ခါးကျိုးသွားတော့သည်။ နောက်ဆုံးကောက်ရိုးဟု ပြောကြပါသည်။

၂-၃။ ကောက်ရိုးလေးတစ်ချောင်းတင်၍ ကုလားအုတ်ခါးကျိုးသည်မှာ ရယ်စရာကောင်းနေပါလိမ့်မည်။ တကယ်တမ်းတော့ ရှေ.အစဉ်စဉ် အဆက်ဆက်က တင်လာခဲ့သော ၀န်ထုတ်ဝန်ပိုးများကို မြင်ဖို.ကောင်းပါသည်။ မြန်မာစကားလည်း ရှိပါသည်။ သစ်ငုတ်တောင် တိုက်ပါများရင် နဲ. တတ်သည်ဟု ဆိုပါသည်။ ဒီစကားလေးတစ်ခွန်းနဲ. ကက်ကက်လန် ဖြစ်နေသည်ဟု ထင်သည်ထက် ရှေ.ကာလတစ်လျောက်က အပြောခံလာရသောကြောင့် များ ဖြစ်နေမည်လားဟု တွေးစေချင်ပါသည်။ ဟုတ်ဖို.လည်း ပိုများ နိုင်ပါသည်။

၃-၁။ ဆရာဝန်များသည် နန်းကျဘုရင်များကဲ့သို. ခံစားနေရခြင်းလည်း ဖြစ်နိုင်ပါသည်။ ယခင်က ဆရာဝန်သည် အထူးလူတန်းစားဖြစ်ပါသည်။ လက်ဖျားတွင် ငွေသီးနိုင်ပြီး၊ ဂုဏ်ကလည်း တွဲလျက်သားပါလာသော ရွှေမင်းသားလေးများ ဖြစ်ပါသည်။ ဇာတ်လမ်းများထဲတွင် မေမေပေးစားမည့် ဆရာဝန် ဟု လူကြမ်းရာထူးရသူများဖြစ်ပါသည်။ ယခုမူ အခြေအနေကွာခြားသွားသည်ကို (အခြားသူများမသိသည့်တိုင်) ကာယကံရှင် ဆရာဝန် ကမူ သိနေပါသည်။ ဆရာဝန်များ ရုန်းရကန်ရသော အခြေအနေကို တော်ရုံလူများမသိနိုင်ပါ။ တကယ်တော့ ငွေရေးကြေးရေးကို ထည့်ပြောနေရသည်မှာလည်း ရှက်ဖို.ကောင်းပါသည်။ ပကတိအခြေအနေကမူ ငွေသည် ဘ၀အဆင့် အတန်းကို သတ်မှတ်နေပါသည်။ နာမည်သာရှိပြီး နာမည်နဲ.လိုက်အောင် ငွေကို ကုန်းရုန်းရှာနေရသူများသည် အကဲဆတ်တတ်ပါသည်။

၃-၂။ တစ်ဖက်ကလည်း 'ဆရာဝန်ဆိုသည်မှာ' ဟူသော စေတနာထားရမည့်၊ ကိုယ်ချင်းစာစိတ်မွေးရမည့် သတ်မှတ်ချက်များသည် မချည်နှောင်သည့်တိုင် ချည်နှောင်သကဲ့သို. 'ကန်.' ထားလျက်ရှိပါသည်။ သူငယ်ချင်းတစ်ယောက် စိတ်နာနာနှင့် ပြောဘူးသည်ကို အမှတ်ရပါသည်။ ဆရာဝန်က ဆိုက်ကားသမားကို သနားလို. ပိုက်ဆံမယူပဲထားလိုက်ပေမယ့် ဆိုက်ကားသမားက ဆရာဝန်ကျတော့ မယူပဲနေတာမဟုတ်ဘူး။ ယူတာပဲ ဆိုပါသည်။ ဆရာဝန်သည် လူထဲကလူ ဆိုသည့်အချက်ကို မေ့ထားကြခြင်း ဖြစ်ပါလိမ့်မည်။ ဆရာဝန်သည် မေတ္တာ၊ ကရုဏာ အတွက် မွေးဖွားလာသူ အထူးလူသားများမဟုတ်ပါ။ အထူးအခြေအနေရောက်အောင် တွန်းပို.ခံထားရသည့်တိုင် လောဘ၊ဒေါသများနှင့် လူသာဖြစ်ပါမည်။

၃-၃။ ဆရာဝန်အငယ်များသည် ခေတ်ပျက်ဝယ် ဆရာဝန်ဖြစ်လာရသူများဖြစ်ပါသည်။ ငယ်စဉ်က ထိပ်ဆိုသောနေရာမှနေ၍ ထိပ်ဆိုသောနေရာကို ကြိုးစားခဲ့သည့်တိုင် ထိပ်ဆိုသော နေရာဝယ် ဘာမှမရှိသည်ကို ဘ၀နှင့်ရင်း၍ ခါးသီးစွာ သိလိုက်ရသော လူငယ်များသာဖြစ်ပါသည်။ သည်ကြားထဲက ခေတ်အဆက်ဆက်က မှားယွင်းလာခဲ့သောဆရာဝန်အချို.၏ လုပ်ရပ်ကြောင့် 'ဆရာဝန်ဆိုသည်မှာဟု ၀ါးလုံးရှည်နှင့် သိမ်းအရမ်းခံရသောအခါ' စိတ်ထွက်ပေါက်မရှိဖြစ်နေပါမည်။ သူတို.ကို နားလည်သည့်တိုင် သူတို.၏အချို.လုပ်ရပ်ကို ထောက်ခံသည်ဟု မပြောနိုင်ပါ။

၎-၁။ နောက်ခံကို တွေးပြီးလျှင် လက်ရှိအနေအထားကို ပြန်တွေးပါမည်။ စကားက လူတိုင်း မှားတတ်ပါသည်။ စကားကျွံလျှင် နှုတ်ရခက်ပါသည်။ နှုတ်ရမည့်စကားကို နှုတ်ခွင့်ရှိသူက မနှုတ်ပဲ ထင်ရှားအောင် ထိပ်ဆုံးက တင်ပြီး ပွဲဆူအောင်လုပ်ခြင်းသည် ပြောလိုက်မိသူထက် လုပ်လိုက်သူက အပြစ်ကြီးပါသည်။ တမင်လုပ်ခြင်းဟုပဲ ပြောရန်ရှိပါသည်။ ဖရန်.လူသာမော့ Frank Luther Mott (1941) က အ၀ါရောင်သတင်းတို.၏ လုပ်လေ့လုပ်ထပုံစံများကို ဖေါ်ပြရာတွင် ပထမဆုံးအချက်အနေဖြင့် ခြောက်ခြားဖွယ်ရာစလုံးမည်းဖြင့် ပြူးပြူးပြဲပြဲဖေါ်ပြခြင်း (အထူးသဖြင့် သာမန်သတင်းများ) ကို လုပ်လေ့ရှိသည်ဟု ပြောပါသည်။ ဂျာနယ်လစ်၏ သဘောသဘာဝကို မသိသူက ပြောမိသည်။ ပွဲဆူမည့်စကားကို ထိပ်ဆုံးက တင်ထားခြင်းသည် မရိုးသားခြင်းသာဖြစ်သည်။ စိတ်ဆိုးကြသူများကို အပြစ်မတင်လိုသော်လည်း တကယ်တော့ နှပ်ကြောင်းပေးထားသည့် အကွက်ထဲ တိုးဝင်ကြခြင်းသာဖြစ်သည်။ တကယ်တော့ ပြဿနာကို အရင်းထိ မြင်တတ်အောင် စဉ်းစားဖို.က လိုပါသည်။

၎-၂။ ကိုယ့် ပရော်ဖက်ရှင်နယ်ကို ကာကွယ်လိုခြင်းကို အပြစ်ပြောရန်မရှိသော်လည်း ရိုင်းစိုင်းစွာ တုံ.ပြန်ခြင်းသည် ကာကွယ်ရာမရောက်သည့် အပြင် ပိုဆိုးရန်သာ ဖြစ်ပါမည်။ ဆရာဝန်သည် ငါးစိမ်းသည်မဟုတ်ပါ။ (သည်းခံပါ၊ ငါးစိမ်းသည်ကို နှိမ်ခြင်းမဟုတ်ပါ၊ ဆိုလေ့ရှိသောအပြောကို နားလည်အောင်ပြောခြင်း ဖြစ်ပါသည်) လုပ်ရသော သဘောသဘာဝသည် ပညာရှင် ၊ ကရုဏာရှင် နေရာ ဖြစ်ပါသည်။ (ကရုဏာစိတ်မွေး၍ မရသည့်တိုင်) ပညာရှင်အနေဖြင့် ကိုယ့် ပရော်ဖက်ရှင်နယ်ကို ကာကွယ်ခြင်းကို ပညာရှင် ဆန်စေချင်ပါသည်။ ဆဲဆိုကြမ်းတမ်းမှုသည် ကာကွယ်မှုလား ပြောရခက်ပါသည်။ အကောင်းထက် အဆိုးက ပိုလာမည်ဟု ပြောလိုပါသည်။

၎-၃။ ပညာရှင်ဆန်စွာဟု ပြော၍မရသည့်တိုင် အကျိုးသင့် အကြောင်းသင့် ပြောခြင်းအထိ လက်ခံပါသည်။ သို.သော်လည်း တစ်ဖက်မှ အနေအထားကိုလည်း ကြည့်စေချင်ပါသည်။ တစ်ဖက်လူသည် မသိနားမလည်သူဆိုလျှင် ရှင်းပြခြင်းကဲစေချင်ပါသည်။ တစ်ဖက်သူသည် သိသိနှင့် တမင် စော်ကားရန် ကြံရွယ်သူဆိုပါက မပြောသည်က ပြောသည်ထက် ကောင်းပါလိမ့်မည်။ ထို.အတူ ပညာရပ်ဆိုင်ရာကိစ္စကို မသိပဲ ကလေးပြောပြောနေသူများကိုလည်း ရှင်းကြည့်ပါ။ ရှင်းမရလျှင် ၊စကားကပ်နေလျှင် ဆက်ရှင်းသူသာ ဒေါသထွက်ရပါမည်။ ဥပေက္ခာ ပြုရမည့် အချိန်တစ်ချိန်သည်လည်း အမြဲတမ်းရှိနေပါသည်။

၎-၄။ ဆရာဝန်တွေလား၊ ငါးစိမ်းသည်လားဟူသည့် စကားသည်လည်း ၀ါးလုံးရှည်နှင့် ရမ်းသည့်စကားမျိုးဖြစ်သည့်တိုင် စေတနာကို ခံစား၍ရပါသည်။ မသိသူတစ်ယောက်ကို အုံနှင့်ကျင်းနှင့် ၀ိုင်းပြောကြခြင်းအထိ လက်ခံပါသည်။ ရိုင်းစိုင်းစွာဆဲဆိုသည်ကတော့ ရှက်ဖို.ကောင်းပါသည်။ မသိသူကို ခွင့်လွတ်၍ရပါသည်။ ခွင့်မလွတ်သင့်သည်က 'ယုတ်မာသူ'သာဖြစ်ပါသည်။ ယုတ်မာသူသည် သူ.နယ်ပယ်တွင်ရှိသလို ကိုယ့်နယ်ပယ်တွင်လည်း ရှိနေနိုင်ပါသည်။ တမင်စော်ကားလိုသူ၊ ယုတ်မာလိုသူများကတော့ ဥပေက္ခာပြုလည်း ဆက်ရှိနေပါမည်။

၎-၅။ ဥပေက္ခာပြု၍ မရသူများအတွက် ပုံပြင်တစ်ပုဒ် ပြောရပါဦးမည်။ ပုံပြင်လား၊ ဘုရားဟောလားမူ (ကျမ်းဂန်နှံ.စပ်သူ မဟုတ်၍) မသေချာပါ။ တခါက မြွေတစ်ကောင်သည် လမ်းဘေးတွင် တရားအားထုတ်နေပါသည်။ နွားကျောင်းသားတစ်စုကရောက်လာပြီး အဝေးမှ ခဲနှင့် ပစ်ကြည့်ပါသည်။ မြွေက မတုံ.ပြန်ပါ။ တဖြည်းဖြည်းနှင့် ပို၍ အတင့်ရဲလာပြီး စိတ်ကြိုက် တုတ်နှင့် ထိုးကြဆွကြပြီး အားရမှထွက်ခွာသွားကြပါသည်။ မြွေကြီးမှာ ဒဏ်ရာများနှင့် ကျန်ခဲ့ချိန်တွင် ဘုရားရှင်ကြွလာပြီး မေးမြန်း၊ အကြောင်းစုံသိချိန်တွင်ဆုံးမပါသည်။ ကလေးသူငယ်များလာရောက်ချိန်တွင် မြွေမှန်းသိအောင် ပါးပျဉ်းပြလိုက်လျှင် ကလေးများကြောက်လန်.ထွက်ပြေးပါလိမ့်မည်။ ထိုအခါမှ တရားအားထုတ်လျှင် ပို၍ ငြိမ်းငြိမ်းချမ်းချမ်း တရားအားထုတ်၍ မရပါသလောဟု ဆုံးမတော်မူပါသည်။

၅-၁။ အချို.ကိစ္စများတွင် တုံ.ပြန်ရမည့်အချိန်၊ ဥပေက္ခာပြုရမည့်အချိန်များ ရှိနေပါသည်။ ထို.အတူ အမောက်ထောင်ကာ ပါးပျဉ်းခွက်ပြရမည့်အချိန်လည်း သေသေချာချာရှိနေပါသည်။ ထို.ထက်ပို၍ ဆိုရန်မရှိပါ။    ။

No comments:

Post a Comment

Note: only a member of this blog may post a comment.