Friday 10 February 2012

ပါရမီလမ်း အကျင့်စခန်းမှ ဒေါက်တာပုံပုံဦး

by Maung Maung Oo on Friday, February 10, 2012 at 1:09am ·
ဒေါက်တာ ပုံပုံဦးကား လွန်စွာကြောင့်ကြကြီးသူတည်း။ သို့သော်သူ့ဘာသာသူ ဘယ်တော့မှ စိုးရိမ်ကြောင့်ကြလွန်းသည်ဟု မထင်။ တကယ်တော့ ငယ်စဉ်ကတည်းက အကျင့်ဆိုတော့ ဖျောက်ရခက်သား။ ထိုသို့ စိုးရိမ်တတ်သောကြောင့်လည်း ဆေးကျောင်းတက်လောက်သော အမှတ်ရလာခဲ့သည်ဟုဆိုရမည်။ ဆယ်တန်းတွင် ကျောင်းသား အားလုံးက နာမည်ထွက်နေသော စာများကိုသာ သဲကြီး မဲကြီး ကျက်နေကြချိန်တွင် သူကတော့ ဒီတစ်ပုဒ်မေးလိုက်ရင် ဘယ်လိုလုပ်မလဲ၊ ဟိုတစ်ပုဒ်မေးလိုက်ရင် ဘယ်လိုလုပ်မလဲ ဆိုပြီး ရှိသမျှစာအားလုံး တစ်ပုဒ်မကျန်ကျက်ဖြစ်ခဲ့သည်။ ရွေးကျက်သူများလောက်တော့ စာမကျေ။ သို့သော်ကံကောင်းပြီး အများမထင်ထားသော အပုဒ်များ ထည့်မေးလိုက်ချိန်တွင် ဒေါက်တာ ပုံပုံဦးလောင်းလေး ဆေးကျောင်းတက်ဖို့ ဖြစ်လာခဲ့သည်။ အသေးစိတ်ပြောရလျင်ကား “၆ပုဒ်ထဲမှ သင်ကြိုက်ရာ ၅ ပုဒ်ဖြေပါ” ဟုရေးထားသော်လည်း မှားမှာစိုးရိမ်ပြီး ၆ ပုဒ်လုံးရေးဖြေခဲ့သော ဘာသာများလည်း ပါခဲ့သည်သာ။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဆေးကျောင်းသားလေး မောင်ပုံဘ၀တွင်လည်း စိုးရိမ်စိတ်များစွာဖြင့် ကျောင်းမပျက်ရဲဘဲ ရှိသမျှစာအားလုံး ဖတ်ဖို့ ကြိုးစားသော်လည်း အားမတန်မာန်လျှော့ကာ စာမေးပွဲနီးတော့ Hand-out ပြန်ကိုင်ကျက်ခဲ့ရသည်။ ဆရာဝန်ဖြစ်လာတော့လည်း စိုးရိမ်စိတ်ကဖျောက်မရ။ ဥပမာ- ချမ်းတုန်၍ဖျားသော လူနာတစ်ဦးလာပြသည်ဆိုပါစို့။ လူနာက ချောင်းဆိုးလျင် ရင်ဘတ်အောင့်သည်၊ သလိပ်တွင် သံချေးရောင်ပါသည်၊ ဟုပြောခဲ့ပြီး လက်တွေ့စမ်းသပ်ရာတွင် Pneumonia ခေါ် အဆုတ်ရောင်ရောဂါ လက္ခဏာများ တွေ့ရသည် ဆိုပါစို့။ ဆေးကျောင်းတွင် တသက်လုံး ကျက်ခဲ့ရသည့် တုန်ဖျားစေသော အဓိက အကြောင်းရင်းများဖြစ်သည့် ငှက်ဖျား၊ ဆီးပိုးဝင်ခြင်း၊ အဆုတ်ရောင်ရောဂါ၊ သည်းခြေလမ်းကြောင်းရောင်ခြင်း၊ စသည့်ရောဂါများပါ တွဲဖြစ်နေမှာ စိုးရိမ်မိသည်။ အာထရာဆောင်းရိုက်၊ သွေးစစ်၊ ဆီးစစ်သော် ဘာမှမတွေ့။ သို့သော် အဆုတ်ရောင်ရောဂါ ဆေးများသာမက သူအင်မတန်စိုးရိမ်သော ငှက်ဖျားဆေးများ တွဲပေးမိသည်။ ဘာကြောင့်ဖျားဖျား မလေးရီးယားလို့ လုပ်ဖေါ်ကိုင်ဘက်များက နောက်ပြောင်ကြပါစေ- သူကတော့ ငှက်ဖျားရောဂါကို သူမကုလိုက်မိပဲ လွတ်သွားမှာ အင်မတန်စိုးရိမ်သည်။ နောက်ထပ်လူနာတစ်ဦးလာပြသည်ဆိုပါဦးစို့။ နှာစေးသည်၊ ချောင်းဆိုးသည်၊ ၀မ်းနည်းနည်းပျက်၍ ကိုက်ခဲဖျားသည်။ တုတ်ကွေးနှင့်တူသည်။ ချောင်းဆိုး ၀မ်းပျက်ဖျားခြင်းကြောင့် အူယောင်ငမ်းဖျားရောဂါဖြစ်နေမလား စိုးရိမ်ပြန်သည်။ ငှက်ဖျားပါနေမလားဆိုသည့်အတွေးကို ဖျောက်မရ။ ဒီတော့ အဲဒီလူနာကို တုတ်ကွေးဆေး၊ အူရောင်ငမ်းဖျားဆေး၊ ငှက်ဖျားဆေး သုံးမျိုး ရောပေးမိပြန်သည်။ တခါတလေ အဖျားက နာတာရှည်၍ တစ်ပါတ်လွန်ပြီး နှစ်ပါတ်ကူးလေလျင်ကား တီဘီဆေးနှင့်ညားတော့သည်။ ထိုသို့အဖျားတစ်ပါတ်ကျော်သောလူနာများတွင် ဒေါက်တာပုံပုံဦး၏ ကုထုံးကား အထူးမှတ်ရန်မလို။ အူရောင်ငမ်းဖျားဆေး၊ ငှက်ဖျားဆေး၊ တီဘီဆေး Triple Therapy ကုထုံးပေငြား။ ကိုယ့်သွေးကိုယ့်သား သားသမီးများ ဖျားလေသော် နာပြီဟုသာမှတ်ရန်။ စဖျားသည့်နေ့တွင်မှစ၍ 3rd generation cephalosporin (eg-Ceftraxone) ကို ထိုးလေသည်ပင်။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အသည်းအသန်သွေးအန်သောလူနာများကား ဒေါက်တာပုံပုံဦးနဲ့ တွေ့လျင် မလွယ်။ လူနာရော ဆရာဝန်ပါ ရောဂါသည်းရတော့သည်။ သွေးအန် သွေးဝမ်းသွား၍ သွေးပေါင်ချိန် သုည ဖြစ်နေလဲ သူကတော့ သွေးတစ်လုံးကို ၄ နာရီကြာအောင် အချိန်ဆွဲသွင်းသည်သာ။ အလုပ်သင်ဆရာဝန်ဘ၀က ကြားဖူးနားဝရှိခဲ့ဘူးသည်ကား သွေးတစ်လုံးကို လေးနာရီ ကြာအောင်သွင်းရန်၊ မြန်မြန်သွင်းပါက pulmonary oedema ခေါ် အဆုတ်တွင်း သို့ ရေများဝပ်ပြီးမောလာတတ်သည် ဟူ၍။ သို့ဖြစ်၍ လူနာ Shock ရနေသော် ဘယ်လက် ညာလက် ၂ ဖက်လုံးမှ သွေး ၁ လုံးစီ သွင်းသည်ဖြစ်သော်ငြားလည်း တစ်မိနစ်လျင် သွေး ၃၀ စက် 30 drop per minute ထက် ပိုမမြန်ချေ။ လူနာကလည်း သွေးပေါင်ချိန်မတက်၊ အောက်က သွေးဝမ်းများကလည်း မြင်မကောင်း၊ ဒေါက်တာပုံပုံဦး၏ မျက်နှာသည်လည်း ဇီးရွက်ခန့်။ လူနာကို ၁၅ မိနစ်တခါ ထစမ်းသည်။ တစ်ညလုံးမအိပ်။ မနက်လင်း၍ သူ့ဆရာဖြစ်သူ “ဆရာကြီးပုံ” ၀ဒ်ရောင်းလာ၍ ဆရာကြီးပုံက သွေးကို အဆုံးဖွင့်ချသွင်း run လေသော်မှ ၄ လုံးမြောက်သော် သွေးပေါင်ချိန်စတိုင်း၍ ရလေသည်။ ဆရာကြီးပုံက မေးသော် သွေးဖြစ်၍ မြန်မြန်သွင်းလျင် မောလာမှာ စိုးရိမ်သောကြောင့် နှေးနှေးသွင်းမိကြောင်း မကွယ်မ၀ှက် ဖြေရှာသည်။ “မင်းကသာ တစ်မိနစ်ကို ၃၀ စက်နဲ့ သွေးပြန်ဖြည့်နေတာ။ ဗိုက်ထဲက သွေးထွက်နေတဲ့ Varices သွေးကြောပေါက်ကြီးက ဆေးကျောင်းတက်ထားတာ မဟုတ်လို့ တစ်မိနစ်ကို ၃၀ နဲ့ သွေးယိုထွက်ရမယ်လို့ မသိရှာဘူး။ ရေတံခွန်လို ထွက်နေတာ။ မင်းသူထွက်တဲ့ နှုန်းထက်ကျော်အောင် သွင်းနိုင်မှ သွေးပေါင်တက်မှာပေါ့” ဟု ဆရာကြီးပုံက ဆုံးမရှာသည်။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အခါတပါးဆီက အထူးကုဆရာဝန်ကြီးပိုင်ဆေးခန်းတစ်ခုတွင် တန်ဖိုးကြီး ဆေးတစ်ခု ထိုးရာမှ လူနာသည် Anaphylatic shock ခေါ် ဆေးမတည့်၍ သွေးလန့်ခြင်းဖြစ်ပွားရာ ကုသသော်ငြားလည်း ကွယ်လွန်သွားရှာသည်။ ထိုသတင်းကို ကြားလေသော်၊ ဒေါက်တာပုံပုံဦး အင်မတန်စိုးရိမ်သွားသည်။ ဖြေဆေးများဖြစ်သော ABCD (Adrenalin, Burmeton, Cortisone, Drip) ကို သေသေချာချာ စစ်ဆေး စနစ်တကျ ကြိုတင်ပြင်ဆင်ထားလေသည်။ တခါသော် နှလုံးအဆို့ရှင်များမကောင်းသောလူနာတစ်ဦးကို ပင်နယ်ဆီလင်ထိုးရသည်။ ထိုးနေကြတံဆိပ်ဖြစ်သော Retarpen ၀ယ်မရသဖြင့် Penidure ကို ထိုးရသည်။ စိုးရိမ်တတ်သူဖြစ်သောကြောင့် မထိုးခင် ဆေးကို ပြန်စမ်းပြီးမှ ထိုးပေးလိုက်သည်။ ဆေးထိုးအပ်ကို တင်ပါးမှ နှုတ်က တဖက်သို့ လှည့်ယုံမျှလောက်သော အချိန်အတွင်းတွင် လူနာ Anaphylatic shock ရသွားတော့သည်။ ကြိုတင်စီစဉ်ထားသည့်အတိုင်း ABCD များ စတင်လုပ်ဆောင်လိုက်ရာ ABC နှင့်ပင် D မပါဘဲ လူနာပြန်ကောင်းသွား၏။ ဆေးစမ်းပါလျက်နှင့် နောက်တစ်ယောက်ထပ်ပြီး ဆေးမတည့် ဖြစ်သောအခါတွင်ကား သွေးပေါင်က ၆၀/၄၀ က တော်တော်နှင့်မတက်။ Drip ပုလင်းကြီးတန်းလန်းနှင့် ဆေးရုံသို့ ပြေးရပြန်သည်။ ဆရာကြီးပုံက Adrenalin ကို ငါးမိနစ်ခြား 0.5 mg စီ ထိုးလိုက်ရာ ၄ ကြိမ်မြောက်တွင် လူနာ ပြန်ကောင်း၏ ဆရာကြီးပုံကို နောက်ဘယ်တော့မှ shock ရစေနိုင်သော ဆေးများ မထိုးတော့ပါဟု ဒေါက်တာ ပုံပုံဦးက ပြောလေသော် “ဘယ်လို ဆေးတဲ့မတည့်စမ်းသပ် (ATD = after test dose) လုပ်သလဲ” ဟု ဆရာကြီးပုံက မေးလေသည်။ “ဒီလိုပဲ အရေပြားအောက်ကို Subcutaneous ထိုးနည်းနဲ့ ထိုးလိုက်တာပဲလေ” ဟု ဖြေလေသည်။ ဤတွင် Histamine (positive control) နှင့် normal saline (negative controls) ထည့်သွင်း နှိုင်းယှဉ်စမ်းသပ်ရကြောင်း၊ Subcutaneous မဟုတ်ဘဲ Intradermal ထိုးရတာဖြစ်ကြောင်း၊ Penicillin G (10,000 units/mL) ဆိုလျင် 0.02 mLခန့်သာ β-Lactam drug (3 mg/mL) ဆိုရင်လည်း 0.02 mL သာ ထိုးစမ်းရကြောင်း စာအုပ်တစ်အုပ်ကို ဖွင့်ဖတ် ရှင်းပြသည်။ အဖြူကွက် wheal ဟာ 6 × 6 mm ရှိ၍ အနီရောင်က ၀ိုင်းနေရမည်ဖြစ်ပြီး negative control ထက် အနည်းဆုံး 3 mm ကြီးမှသာ positive ဟုယူဆရမည် ဟု သင်ကြားပေးလိုက်သည်။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

မကြာမှီတွင် ဆရာဝန်ငယ်တစ်ယောက် Angioneurotic oedema ဓါတ်မတည့်သောအရာနှင့်ထိတွေ့မိ၍ နှတ်ခမ်းမျက်လုံးများဖူးယောင်သော လူနာတစ်ယောက်ကို Adrenalin အား သွေးကြောထဲ iv ထိုးမိသဖြင့် လူနာသေဆုံးသွားကြောင်း သတင်းဖြစ်ပေါ်လေ၏။ ထိုအခါ စိုးရိမ်တတ်သော ဒေါက်တာပုံပုံဦးက ဤသို့ ဆုံးဖြတ်လေသည်။ “Adrenalin က အန္တရာယ်များလှဘိ။ သို့ဖြစ်ပေ၍ သုံးစွဲခြင်းငှာ မသင့်တော့ချေ။ အကယ်၍ မှားယွင်းထိုးမိသော် ခက်ရချေရဲ့။ ဆေးခန်းတွင် ထားရန်မသင့်တော့ချေ” ဟုသကာလ ဆေးခန်းတွင် အရေးပေါ်အဖြစ် Burmeton, Cortisone, Drip တို့ကို အသင့်ပြင်ထားလေသည်။ နောက်တစ်ကြိမ် Shock ရပြန်သော်
Burmeton, Cortisone, Drip တို့ဖြင့် ထပ်ပြန်တလဲလဲ ကြိုးစားချေသော်လည်း မအောင်မြင်သဖြင့် ဆေးရုံသို့ မပြေးရပြန်သည်။ ဆရာကြီးပုံက Cortisone များသည် Anaphylatic shock တွင် ချက်ခြင်း အာနိသင် မပြနိုင်ဘဲ ၆ နာရီလောက် ကြာမှ အာနိသင်ပြသောဆေးများ ဖြစ်ကြောင်း၊ သို့သော် သူတို့သည် ကောင်းသွားပြီးမှ ပြန်ဆိုးလာသော Biphasic anaphylaxis ကို တားဆီးရန်မလွှဲမသွေ ထိုးရမည် ဖြစ်ကြောင်း ရှင်းပြလေသည်။ အကယ်၍ ရှော့ခ် ရသော Adrenalin အရင်စထိုးပြီးမှ ဘာမီတွန်နှင့် ဆောလူကော့တက် ကိုသုံးရန်၊ Adrenalin 0.5 mg ကို ၅-၁၀ မိနစ်ခြား im ထိုးရန်၊ လိုအပ်လျင် Drip သုံးရန် ညွှန်ကြား၏။ သို့သော် Adrenalin ကို ကြောက်အားမပြေသော ဒေါက်တာပုံပုံဦးသည် Adrenalin ထိုးရမှာကို မ၀ံ့ရဲသေး။ သို့ဖြစ်၍ anaphylaxis မဖြစ်နိုင်သော ဆေးများကို ဆရာကြီးပုံထံမေးလေသည်။

“diclofenac ဆိုရင်ကော” ဟုမေးသော် ဆရာကြီးပုံက “ဖြစ်သပ မောင်ရယ်”။
“Burplex ဆိုရင်ကော” ဟုမေးသော် ဆရာကြီးပုံက “ဖြစ်သပ မောင်ရယ်”။
“B1 ဆိုရင်ကော” ဟုမေးသော် ဆရာကြီးပုံက “ဖြစ်သပ မောင်ရယ်”။
“B12 ဆိုရင်ကော” ဟုမေးသော် ဆရာကြီးပုံက “ဖြစ်သပ မောင်ရယ်”။
“B6 ဆိုရင်ကော” ဟုမေးသော် ဆရာကြီးပုံက “မဖြစ်ဘူးမောင်ရဲ့” ဟု ဖြေလေလျင် ဒေါက်တာပုံပုံဦး ပြုံး၏။ သို့သော် ဆရာကြီးပုံက “ဒါပေမဲ့ High Dose အကြာကြီးပေးမိရင် အာရုံကြောတွေ ချို့ယွင်းနိုင်တယ်” ဟု ဆက်လေသော် ဒေါက်တာပုံပုံဦး သက်ပြင်းချ၏။

“ဒါဆိုဘေးကင်း ရန်ကင်း ဆေးဝါးဆိုတာ လုံးဝ မရှိတော့ဘူးလား ဆရာကြီးရယ်” ဟု အားငယ်သောလေသံနှင့် ဒေါက်တာပုံပုံဦးက မေးလေလျင်.. ဆရာကြီးပုံက “မင်းကို ပြောရဦးမယ်” ဟု အစချီကာ အောက်ပါအတိုင်းပြောလေသည်။

“တခါက တော်တော်အောင်မြင်နေတဲ့ ဆရာဝန်လေးတစ်ဦးရှိသတဲ့။ သူက တော်သလောက် ဘ၀င်မြင့်သတဲ့။ မြို့ထဲက လူတစ်ဦးက မိုးရေနှင့် မတည့်ကြောင်း ဆေးခန်းထဲမှာ ပြောတော့ ဆရာဝန်က ရီသတဲ့။ မိုးရေဆိုတာ inert ဖြစ်ကြောင်း၊ လူခန္တာကိုယ်ထဲမှာ ပါပြီးသားဖြစ်ကြာင်း၊ မိုးရေနဲ့ မတည့်ဘူးဆိုတာ မဖြစ်နိုင်ကြောင်း၊ လောင်းကြေးစားကြေးတောင် လုပ်ချင်ကြောင်း ပြောသတဲ့။ လူနာက လောင်းချင်ပါသော်လည်း သူ့အသက်နဲ့ ဆက်နေတဲ့ ကိစ္စမို့ မလောင်းချင်ကြောင်း ပြောသတဲ့။ နောက်ပိုင်း မခံချင်အောင် ဆရာဝန်က ဆွပေးလွန်းမှာ စည်းစိမ်ထပ်ကြေးလောင်းကြသတဲ့။ လောင်းမဲ့နေ့မှာ ဆရာဝန်က ရှော့ခ် ဖြစ်ရင် ထိုးရန် ဖြေဆေးများကို အသင့်ပြင်ထားပြီး လူနာကို မိုးရေ တည့်မတည့်စမ်းလိုက်သတဲ့။ စမ်းပြီးပြီးချင်းပဲ လူနာ ရှော့ခ် ရသွားတော့ Adrenalin ပုလင်းကို ဖေါက်ပြီး ထိုးဖို့ ပြင်သတဲ့။ ထိုးခါနီးမှ Adrenalin ဟာ H2O နဲ့ဖျော်ထားတာ သတိရလို့ ဘာမီတွန်ဖောက်သတဲ့။ ဘာမီတွန်လည်း ရေပါတာ သတိရတော့ ဆော်လူကော့တက် ဖောက်သတဲ့။ ဆော်လူကော့တက်လည်းရေပါတာသတိရပြန်တော့ Drip သွင်းမယ်လို့ စဉ်းစားသတဲ့။ Drip ထဲက ရေတွေမြင်လိုက်ပြီးတဲ့နောက် ဘာမှ မလုပ်တတ်တော့လို့ လူနာကို ကားပေါ်တင်ပြီး ဆေးရုံကြီးကို မောင်းပြေးရောတဲ့“ ဟူသော စကားလုံးအရောက်တွင် ဒေါက်တာပုံပုံဦးသည် ငေါက်ခနဲ ထကာ အိမ်သို့ပြန်သွားလေတော့သည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

နောက်တနေ့တွင်ကား ဆရာကြီးပုံမနက်ခင်းအိမ်မှအထွက်တွင် ရဟန်းတပါးဆွမ်းခံကြွလာသည်ကို ဖူးမြင်ရလေသည်။ အနည်းကပ်ကြည့်မှ ဒေါက်တာပုံပုံဦး တဖြစ်လဲ ရဟန်းသစ် တစ်ပါးဖြစ်နေကြောင်း အံ့သြကြီးစွာ ဖူးမျှော်လိုက်ရသဖြင့် မနေ့က ပြောသော ဇာတ်လမ်းမှာ မိမိဖတ်ဖူးသော စိတ်ကူးယဉ် ၀တ္ထတို တစ်ပုဒ်သာ ဖြစ်ကြောင်း ဒေါက်တာပုံပုံဦးနှင့်တွေ့လျင် နိဂုံးချုပ်ပြောကြားရန် စီစဉ်ထားသောစကားများ ဆရာကြီးပုံ၏ နှုတ်ဖျားမှ ထွက်မလာနိုင်တော့ချေ။

No comments:

Post a Comment

Note: only a member of this blog may post a comment.