Monday 27 February 2012

မလေးရှားမှာ ဆရာဝန်အလုပ်လာလုပ်တော့မယ်ဆိုရင် (၂)

by Myo Nyunt on Friday, February 10, 2012 at 1:33pm ·
မလေးရှားကျန်မာရေးဝန်ကြီးဌာန က MO အဖြစ်နဲ့ အလုပ်ခန့်ပြီဆို ပထမ Offer Letter ပို့ပါတယ်။ Offer ကို လက်ခံကြောင်း အကြောင်းပြန် လိုက်ရင် မလေးရှားဘက်က ဌာနတွေက Immigration မှာ Employment pass လျှောက်ပေးပါတယ်။ Employment pass လျှောက်ဖို့အတွက် အိမ်ထောင်စုဇယား၊ ပတ်စပို့ မိတ်တူ၊ ဓါတ်ပုံ ၃ ပုံ ပို့ပေးရပါတယ်။ အိမ်ထောင်ရှိသူ၊ ကလေး ရှိသူဆိုရင် မိမိအိမ်ထောင်ဘက်က မှီခို၊ ကလေး ဆိုရင် အသက် ၁၈ နှစ်မပြည့်သေးသူ မှီခို Pass ပေးဖို့ ၊ လက်ထပ်စာချုပ်။ အားလုံး၏ pass port မိတ်တူ စတာတွေကို ပို့ပေးရပါတယ်။

အရှေ့ မလေးရှားမှာတော့ လစာ အနည်းဆုံး ရင်းဂစ် တစ်လ ၂၀၀၀ ကျော် ရတဲ့ အလုပ်သမား မှ သာ မိသားစုခေါ်ခွင့်ရှိပါတယ်။ လစာ တစ်လ ၂၀၀၀ ထက် နည်းတဲ့ အလုပ်သမားခေါ်မယ်ဆိုရင် ... Immigration မှာ “ဌာနေအလုပ်သမားကို ဘာလို့ ဦးစားပေးမခန့် သလဲ” ဆိုတဲ့ မေးခွန်းကို အလုပ်ရှင်က အရင်ဖြေရပါလိမ့်မယ်။
MO ကတော့ ပညာရှင်ဖြစ်တဲ့ အတွက် ၊ ဌာနေတွေ အလုပ်လျှောက်ထားမှု နည်းနေသေးသ၍ မိသားစု နဲ့တကွ EP (Employment pass) ပေးပါတယ်။ ကျန်းမာရေးဌာန နဲ့ Immigration ဌာန စာသွားစာပြန် အနဲဆုံး ၂လ ကြာတတ်ပါတယ်။ MO တစ်ယောက်ဆိုရင် Offer Letter ရပြီး ၊ လိုအပ်တယ်ဆိုတဲ့ စာရွက်စာတန်းတွေပို့ပြီး ၂လ စောင့်လဲ ပြန်စာ မလာ၊ ၃ လ စောင့်လဲ ပြန်စာမလာ ဖြစ်တော့ KL က ကျန်းမာရေး ဌာနကို ဖုန်းဆက်မေးပါသတဲ့၊ အဲဒီတော့မှ သူပို့ထားတဲ့စာရွက်စာတန်းတွေ အကုန် ပျောက် နေတာသိလို့ စာရွက်စာတန်းတစ်စုံ ထပ်ပို့ရပါတယ်။ စတင် အလုပ်လျှောက်တဲ့ အချိန်က စလို့ ကိုယ့်လက်ထဲကို Appointment Letter , Immigration Letter ရတဲ့ အချိန်အထိ အနည်းဆုံး ၆လ ကနေ တစ်နှစ်ကျော်တဲ့ အထိ ကြာတတ်ပါတယ်။ အဲဒီစာရွက် နှစ်ခု ရရင်တော့ ရန်ကုန်က မလေးရှားသံရုံးမှာ ဗီဇာ သွားလုပ်ပြီး မလေးကို လာရုံပါပဲ။
လေယဉ်လက်မှတ်ကတော့ တစ်ကြောင်းထဲ ဝယ်လာလဲရတယ်။ အသွားအပြန်ဝယ်လာလဲရပါတယ်။ ဒီရောက်လို့ ဂျူတီ Report လုပ်ပြီးရင် မိမိ နဲ့ Dependent တွေအတွက် မလေးရှာကို လာရတဲ့ လေယဉ်ခ၊ စာအုပ်စာတန်းသယ်လို့ ကုန်တဲ့ လေယဉ် ကီလို ပိုကြေးတွေကို ပြန်ပြီး Claim တင်တောင်းခံရပါတယ်။ ၃ နှစ်ကံထရိုက် လုပ်ပြီး ရင် လည်း ဂရန်ဂျူတီ ရပါတယ်။ တစ်နှစ်ကို ခွင့် ၂၅ရက်ရပါတယ်။ ခွင့်ယူရာမှာလည်း စနေတနင်္ဂနွေ ကို ရှေ့နောက် ယူလို့ရပါတယ်။ ဥပမာ တနင်္လာနေ့ ကနေ သောကြ်ာ နေ့အထိ ခွင့် ၅ရက်ယူတယ်ဆိုပါစို့ ရှေ့ က စနေတနင်္ဂနွေ ရယ် နောက်က စနေ တနင်္ဂနွေရယ်ပေါင်း ရင် စုစုပေါင်း ၉ ရက် အားလပ်သွားပါတယ်။ အထူးသဖြင့် အစိုးရ ဝန်ထမ်း ဆိုရင် နှစ်ကုန်တဲ့ အခါ အခြေခံလစာ တစ်လစာ ဘောက်ဆူးရပါတယ်။ ဒါကြောင့် ပြောကြတာက မလေးမှာ အစိုးရ အလုပ်လုပ်ရတာ တစ်နှစ်ကို ၁၁ လ အလုပ်လုပ်ရပြီး ၁၃ လ စာ လစာ ရတယ်လို့ပြောကြပါတယ်။
ရုံးပိတ်ရက် ဟာ စနေတနင်္ဂနွေ နဲ့ တိုက်ဆိုင်ရင် တနင်္လာနေ့ကို အစားပိတ်ပေးပါတယ်။ ဥပမာ ခရစ်စမတ်နေ့ ဟာ စနေနေ့ ဆိုပါစို့ ။ သာမန်အားဖြင့် စနေ တနင်္ဂနွေ ဟာပိတ်ရက်ဖြစ်နေပြီးမို့ နောက်နေ့ တနင်္လာနေ့ကို အစား ပိတ်ပေးပါတယ်။ မြန်မာပြည်မှာတုံးက ပြောသလို ရုံပိတ်ရက် ”ဒိုင်မစားဘူး” ပေါ့။
MO အလုပ်ခန့်စာထဲမှာ ဘယ်မြို့ က ဆေးရုံ ဆိုတာ ပါလေ့ ရှိပါတယ်။ တာဝန်ချထားတဲ့ မြို့ ဟာ Specialist မရှိ၊ MO များသာ အလုပ်လုပ်ရတဲ့ မြို့ငယ်ငယ်က ဆေးရုံဖြစ်လေ့ရှိပါတယ်။ Specialist ရှိတဲ့ အနီးဆုံးဆေးရုံနဲ့ ခရီး အကွာအဝေးဟာ Ambulance နဲ့ လူနာပို့ရင် ၁နာရီ ခရီးကနေ ၃-၄ နာရီ ခရီး အထိ ကွာဝေးတတ်ပါတယ်။
ဒါပေမဲ့ ရောက်ရောက်ချင်း ကိုယ်တာဝန်ကျတဲ့ ဆေးရုံကို တန်း မလွှတ်ပါဘူး ၊ ပြည်နယ်အဆင့် ဆေးရုံမှာ Medicine, Surgery, O&G, Paed. ဆိုပြီး Ward အစုံကို Rotation MO အနေနဲ့ ၆ လ လုပ်ရပါတယ်။ အဲဒီလို Rotation MO လုပ်နေချိန်မှာ တဖက်က Training ပေးနေသလို ၊ တဖက်ကလည်း .. တောမှာ Independence ထားလို့ ရမရ assess လုပ်ပါတယ်။ ဆိုင်ရာဌာနမှူးများ က ၆လ စောင့်ကြည့်သော်လည်း ... MO တစ်ယောက်အနေနဲ့ ယုံကြည်စိတ်ချရလောက်ခြင်းမရှိလို့ reject လုပ်ပြီး ကိုယ့်နိုင်ငံ ကိုယ်ပြန်သွားရတဲ့သူတွေ လည်း ရှိပါတယ်။ ၆ယ လုပ်ပြီး အိန္ဒြိယ ပြန်သွားရတဲ့ MO တစ်ယောက်ဆိုရင် အသက် ၅၀ ကျော်လောက်ရှိတာတွေ့ရတယ်။ သူ့ကိုကြည့်ရင် တော်တော် စီနီယာကျနေသလိုပဲ။
အချို့ ကျတော့လည်း လုပ်ရည်ကိုင်ရည်ကို ကြိုက်လို့ .. မူလ အလုပ်ခန့်ထားတဲ့ နယ်ကို မလွှတ်ပဲ .. ပြည်နယ်ဆေးရုံ (tertiary center) မှာ ကန်ထရိုက်ကုန်တဲ့ အထိ ခေါ်ထားတာလည်း ရှိပါတယ်။ MO လုပ်သက်ကြလာရင် Senior MO ( Registrar) အနေနဲ့ လုပ်ရတတ်ပါတယ်။
စရောက်ရောက်ချင်း ဆေးရုံအုပ် (Director) ရုံးမှာ ဂျူတီ Report လုပ်ရပါတယ်။ ဘဏ် စာရင်းဖွင့်ရပါတယ်။ Malaysia Medical Council ကို Temporary Registration လျှောက်ထားရပါတယ်။
Director ရုံးကနေ Medicine , O&G , Surgery ဌာန တစ်ခုခုကို Duty ချလိုက်ပါလိမ့်မယ်။ စာရွက်စာတန်းနဲ့ ရုံးလုပ်ငန်းက တခါတလေ ကြာတတ်တော့ ပထမ ၁လ၊ ၂လ တစ်ချို့ဆို ၃ လ အထိ မိမိဘဏ်စာရင်းထဲ လစာငွေ မဝင်သေးတာ ရှိလို့ အိပ်စိုက်စားရတာလည်း ဖြစ်တတ်ပါတယ်။ လစာငွေ ဝင်တဲ့ အခါ ဆောင်ရမယ့် အခွန်ရာခိုင်နှုန်းကို တခါထဲ ဖြတ်ထားလေ့ရှိပါတယ်။ တနစ်ပြည့်လို့ ဧပြီလ ရောက်ပြီဆို အခွန်ရုံးမှာ ပုံစံဖြည့် တင်ရပါတယ်။ မိမိလစာထဲက တစ်နှစ်လုံးဖြတ်ထားသမျှ ငွေ က ပိုလေ့ရှိပါတယ်။ ပိုရင် ကိုယ်ဘဏ်စာရင်းထဲ ပြန်ထည့်ပေးပါလိမ့်မယ်။
ပြီးရင် သက်ဆိုင်ရာ ဌာနမှူးနဲ့တွေရပါမယ်။ အဲဒီအခါ Do and Don't ကို အကျဉ်းချုပ်ရှင်းပြပါလိမ့်မယ်။ မေးနေကျ မေးခွန်းကတော့ မလေးစကား တတ်သလားဆိုတာပါ။ မလေးစကားတတ်ရင် အကောင်းဆုံးပါပဲ။ လူနာနဲ့ စကားပြောဖို့။ များသောအားဖြင့် ၃ လ ကနေ ၆ လ လောက်ဆို ရင်တော့ ထမင်းးစားရေသောက်လောက်တော့ ပြောတတ်သွားပါတယ်။
Ward ထဲရောက်ပြီ ရောင်း (Round) စလိုက်ပြီ ဆိုပါတော့ ။ ဒီနေရာမှာ ကြားဖြတ်လို့ အရှေ့ မလေးရှားရဲ့ ကျန်မာရေးစောင့်ရှောက်မှု ပုံစံလေးကို တွေ့မြင်သလောက် ပြောပါမယ်။
သူ့နိုင်ငံသားတစ်ယောက် နေမကောင်းဖြစ်ပြီဆိုရင် .. အနီးဆုံး အစိုးရက ဖွင့်တဲ့ ဒေသန္တရ ဆေးခန်း၊ ဒါမှ မဟုတ် ဆေးရုံကို သွားပြရပါတယ်။ အပြင်လူနာအဖြစ်ကုရမယ့်လူနာကို ရောဂါစစ်ဆေး ၊ ဆေးပေးပြီး ပြန်လွှတ်ရပါတယ်။ သာမန်အားဖြင့် ၃ လ ၊ ၆လ ခွာပြီး နောက်တစ်ကြိမ် ကုသမှု အတွက် ချိန်းရပါတယ်။ အပြင်လူနာ များလွန်းသောကြောင့် ဖြစ်ပါတယ်။ အထူးကုနဲ့ ပြသရန်လိုတဲ့သူဆိုရင် အထူးကုဆေးရုံက ပြင်ပလူနာကို လွှဲရပါတယ်။ နယ်ဆေးရုံမှာ တင်ကုလို့ရနိုင်တဲ့ လူနာကို နယ်ဆေးရုံမှာတင်ကုပါတယ်။ အရေးပေါ် အခြေအနေ ဆိုရင်တော့ Resuscitation လုပ်ပြီး Stable ဖြစ်တာနဲ့ အထူးကု ရှိတဲ့ဆေးရုံ A & E ကို တန်းပို့ရပါတယ်။ Ambulance ကို အမြဲ သုံးရပါတယ်။
မြို့ကြီးမှာ နေတဲ့လူတစ်ယောက် နေမကောင်းဖြစ်တယ်ဆိုပါစို့ ။ လမ်းလျှောက်သွားနိုင်လို့ ကိုယ့်အစီအစဉ်နဲ့ ကိုယ် သွားတယ်ဆိုပါစို့။ A&E ကို သွားရပါတယ်။ A&E ကို ဝင်ဝင်ချင်း Triage office ကို အရင် စာရင်းပေးရပါတယ်။ အေးအေး ဆေးဆေး လူနာဆိုရင် Green Zone ဘက်ကို လွတ်ပါမယ်။ အရေးပေါ် လူနာဆိုရင် Yellow Zone , Red Zone ကို လွတ်ပါမယ်။ Green Zone အဝင်မှာ Patient's particular ယူတာ။ သွေးပေါင်ချိန်တာ၊ pulse Oxymeter နဲ့ Record လုပ်တာတွေကို Medical Assistant လို ပုဂ္ဂိုလ် တွေက လုပ်ပေးပါလိမ့်မယ်။ ပုံစံစာရွက် ကိုင်ပြီး A & E house officer အခေါ်ကိုစောင့်ရပါမယ်။ A & E house officer က history ယူပါမယ်။ ပြီးရင် A & E ,MO ကို ပြပါလိမ့်မယ်။ လိုအပ်ရင် လိုအပ်သလို ဓါတ်မှန်ရိုက်တာ ကို A&E ဓါတ်မှန် ခန်းမှာ လုပ်ရပါမယ်။ လိုအပ်ရင် MO က Ultrasound ရိုက်ကြည့်ပါမယ်။ A&E မှာ MO လုပ်ရင် Ultrasound တော့ ကိုင်တတ်ဖို့လိုပါတယ်။ Full Blood count, Urine for FEME , Serum electrolyte နဲ့ Blood Gas Analysis ကို A&E မှာပဲ စက်နဲ့ လိုအပ်သူကို ချက်ချင်းစစ်ပေးရပါတယ်။
Yellow Zone မှာတင်ထားတဲ့လူနာ ကိုတော့ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ပြီး ဆိုင်ရာအထူးကု ကိုခေါ်ပြလေ့ရှိပါတယ်။ သာမန်အားဖြင့် Ward ထဲက MO က အရင်သွားကြည့်ရပါတယ်။ Duty ကျတဲ့ Specialist ကို ယ်တိုင်တပါထဲလိုက်ကြည့်တဲ့ အခါ ရှိသလို MO က ဖုန်းနဲ့ inform လုပ်ရတဲ့အခါရှိပါတယ်။ လိုအပ်ရင် In-patient တင်ပါတယ်။ မလိုအပ်ရင် ပြန်လွတ်ပြီး Specialist OPD ကို ပြန်ချိန်း ရပါတယ်။ မြန်မာပြည်က လာတဲ့ MO အသစ်များကို ပထမ ၆ လ အတွင်းမှာ A & E ကို တာဝန်ချလေ့မရှိပါဘူး။ Yellow Zone မှာ လူနာကုတင် 4 - 5 လုံးကို MO တစ်ယောက်၊ House Officer ၂ယောက်လောက်နဲ့ သူနာပြု ၂ ယောက်လောက်က ကြည့်ရပါတယ်။
Red Zone ထဲမှာတော့ ICU တစ်ခုလောက် ထားပါတယ်။
မလေးရှားနိုင်ငံသားတစ်ယောက် အစိုးရ ဆေးရုံဆေးခန်းမှာ အပြင်လူနာဖြစ်ဖြစ်၊ အတွင်းလူနာဖြစ်ဖြစ် ဆေဝါးကုသမှု ခံယူတဲ့ အခါ အားလုံးကို Free ရတယ်လို့ ဆိုရပါမယ်။ တစ်ယောက်ကို တစ်ရင်းဂစ် လောက်တော့ ပိုက်ဆံကို အဖြစ်ကလေးသာတောင်းခံတတ်ပါတယ်။ ဒေသန္တရ ဆေးခန်းကို တခါလာပြရင် လူနာတစ်ယောက်ထဲအတွက် ဆီးချိုထိမ်းဆေး၊ သွေးပေါင်ကျဆေး စသည်ဖြင့်ေ၇ရှည်စွဲသောက်စရာဆေး တွေကို ၆လ စာ ပေးတတ်တဲ့ အတွက် ။ ဆေးတပုံကြီး သယ်ပြန်ရလေ့ရှိပါတယ်။ အဲဒီဆေးတွေကိုရောင်းစားခြင်ရင်တောင် ရောင်းစရာဈေးကွက် မရှိပါဘူး။ အားလုံးအလကားရနေတော့ ဘယ်သူက မှလည်း ဝယ်မှာ မဟုတ်လောက်ပါ။
လူတစ်ယောက်ဆေးရုံတက်တယ်ဆိုရင် ဆေးရုံဝတ်စုံဝတ်ရပါတယ်။ အနေ့ သုံးနပ်ကျွေးပါတယ်။ ဒီကြားထဲ ဆန်ပြုပ် ကို သတ်သတ် လိုက်ဝေတာလဲတွေ့ပါတယ်။ ကော်ဖီကို သတ်သတ် လိုက်ဝေတာလဲ တွေ့ပါတယ်။ ကြိုက်ရင် ယူသော်ယုံပါ။ ဆေးဝါး နှင့်  Investigation အားလုံး Free ဖြစ်ပါတယ်။ ခွဲစိတ်ကုသရာမှာတော့ နိုင်ငံသားဆိုရင် အနဲဆုံး ရင်းဂစ် ၁၅ လောက်ကနေ ၁၅၀လော်အထိ ပေးရမယ်လို့ စာရွက်ထဲရေးထားတာတွေ့ပါတယ်။ နိုင်ငံခြားသားဆိုရင်တော့ ရင်းဂစ် ၂၅၀ လောက်ကနေ ၃၀၀၀ လောက်ထိ ပေးရမယ်လို့ ရေးထာတာ တွေ့ပါတယ်။
အစိုးးရ ဆေးရုံဆေးခန်းချည်း ရှိတာတော့ မဟုတ်ပါဘူး ။ဆရာဝန် တစ်ဦးချင်းဖွင့်တဲ့ ကိုယ်ပိုင်ဆေးခန်းတွေ ရှိသလို အထူးကု အစုံ ပါဝင်တဲ့ ပြင်ပ ဆေးရုံ လဲ ရှိပါတယ်။ ဥပဒေ အရ ပြင်ပဆေးရုံမှာ အစိုးရဆေးရုံက MO သွားမထိုင်ရဘူးဆိုပေမဲ့။ လူလိုတော့လည်း ဆေးရုံက MO ဟာ ပြင်ပ ဆေးရုံမှာ သွားထိုင်တာ တွေရှိပါတယ်။

No comments:

Post a Comment

Note: only a member of this blog may post a comment.