Thursday 26 January 2012

“မြန်မာနိုင်ငံဆေးလောကကို ပြုပြင်ပြောင်းလဲလိုသည့် ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်မောင်ဝင့်”

ဆရာဝန်များအပေါ်သုံးသတ်ချက်

ဆရာဝန်လောကမှာ တော်တော်လေးကို လျော့ရဲလာတယ်။ အသိပညာ၊ အတတ်ပညာဘက်မှာ အားနည်းလာတာ မဟုတ်ဘူး။ ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာလည်း အားနည်းလာတယ်။ စိတ်ဓါတ်ကိုရော ကျင့်ဝတ်သိက္ခာပိုင်းကိုရော ပြန်လည် ပျိုးထောင်ပေးရမယ့် အခြေအနေမှာ ရှိပါတယ်။ အားလုံးဝိုင်းဝန်းပြီး လုပ်ရမဲ့ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဖြစ်စေသတည်းလို့ ပြောရုံနဲ့ မရပါဘူး။

ပြုပြင် ပြောင်းလဲမှု လိုအပ်

ဒီဘက်ကလည်း ပြုငြင် ပြောင်းလဲဖို့ အများကြီး လိုပါတယ်။ စနစ်တကျ ၀ိုင်းဝန်းလက်တွဲဖို့ လိုပါတယ်။ ဒီအချိန်မှာ ပြည်သူလူထုက နားမျက်စိပွင့်လာပြီး အသိပညာလေးတွေ ဗဟုသုတလေးတွေက အများကြီး ကျယ်ပြန့်လာပြီ၊ ထို့နည်းတူပဲ မီဒီယာလောကက ထွန်းကားလာပြီ။ ဒီကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို စိတ်ဝင်စားလာပြီ။ သူတို့ကလည်း နိုးကြားလာတဲ့သဘောရှိတယ်။ ဥပဒေပိုင်းဆိုင်ရာပုဂ္ဂိုလ်တို့ကလည်း စိတ်ဝင်စားလာတယ်။ အမှန်တရားအတိုင်း ရပ်တည်လာချင်တဲ့ စိတ်ဆန္ဒတွေကလည်း များလာတဲ့ အတွက် ကျနော်တို့က ထိုက်ထိုက်တန်တန် ရှိနေဖို့ အများကြီးလိုတာပေါ့။ ပြည်သူလူထုကို အသိပညာပေးဖို့လည်း လိုတယ်။ ထိုက်ထိုက်တန်တန် နေရာပေးသလို ကျနော်တို့ စဉ်းစားရမယ့် လမ်းကြောင်းထဲမှာ ထည့်ခေါ်သွားဖို့လည်း လိုတယ်။ ဒီအပိုင်းမှာဆေးလောကအတွက် စနစ် (System) တစ်ခုလုံးကို ပြန်ပြီး ပြုစုပျိုးထောင်ပေးရဦးမှာပါ။ လိုအပ်ချက်တွေ အားနည်းချက်တွေ တော်တော်များတယ်လို့ ဝေဖန်နေကြတဲ့ ကာလ ဖြစ်တဲ့အတွက်ကြောင့် ဒါလေးတွေကို အားကြိုးမာန်တက် ဖိဖိစီးစီး ပြုပြင်ပြောင်းလဲဖို့ လိုနေပြီ။ ပညာရှင်တွေကို လုပ်ငန်းခွင်အတွင်းမှာ ပျော်မွေ့အောင် ဘယ်လိုထားမလဲဆိုတဲ့ ကိစ္စက အင်မတန် အရေးကြီးပါတယ်။
ဒါကြောင့် ပုဂ္ဂလိက ဆေးရုံတွေကို ဖွင့်ခွင့်ပေးထားပြီဆိုရင် လွတ်လပ်ခွင့်ပေးထားသလို၊ ထိမ်းသိမ်းကြပ်မတ်ပေးရမယ်။ အရေးယူတာမျိုးလည်း ရှိရမယ်။ ဒါတွေ လုပ်ဖို့ လိုအပ်ပါတယ်။ ဥပဒေရှိနေပေမယ့် ဥပဒေအတိုင်း မလုပ်နိုင်သေးတဲ့ အားနည်းချက်တွေ ရှိသေးတယ်။

တက္ကသိုလ်ကျောင်းသားပြုန်းတီး

ကျောင်းသားတွေ ပြုန်းတီးတဲ့နေရာမှာ ပညာမတတ်လို့ ပြုန်းတီးတာ တစ်ခုတည်း မကဘူး။ ဆရာဝန်လုပ်တဲ့သူတွေ ဆရာဝန်အလုပ်ကို မလုပ်ဘဲနဲ့၊ အခြားအလုပ်အကိုင်တွေကို လုပ်ကိုင်နေကြတယ်ဆိုယင်လည်း ပြုန်းတီးမှုလို့ ခေါ်ရမှာပါ။ အခြားအလုပ်ကို ပြောင်းလုပ်တဲ့သူတွေကို ဝေဖန်တာ မဟုတ်ပါဘူး။ ဆရာဝန်အလုပ်ကို မလုပ်ပဲ တခြားအလုပ်မှာ ပိုပြီးအောင်မြင်သွားတာ၊ ပိုပြီးလောကကြီးအတွက် အကျိုးပြုနိုင်တာ ယုံပါတယ်။ သူတို့တွေအတွက် ကျနော်တို့က ၅ နှစ် ၆နှစ် လေ့ကျင့်ပေးထားတာဟာ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ ဖြစ်တဲ့အတွက်ကြောင့် စိတ်မကောင်း ဖြစ်ရပါတယ်။ ဒါလည်း ပြုန်းတီးခြင်း တစ်မျိုးပါပဲ။

ထိုက်ထိုက်တန်တန် လုပ်ပေးသင့်

ကျနော်တို့အနေဲ့ လူမှုရေး အသိုင်းအ၀ိုင်းအတွင်းမှာ ထိုက်ထိုက်တန်တန် ဘယ်လိုထားမလဲ။ တချိန်လုံး နိုင်ငံခြားထွက်နေတယ်။ ထွက်ပါ။ ထွက်ပြီးပြန်လာတဲ့သူတွေကိုလည်း နေရာပေးနိုင်ရမယ်။ တချို့က ပညာသင်ချင်လို့ တတ်ကျွမ်းချင်လို့ သွားကြတယ်။ အသိပညာ အတတ်ပညာနဲ့ ပြန်လာတဲ့အခါမှာ အသိုင်းအ၀ိုင်းအတွင်းမှာ သူတို့အတွက်လည်း သူတို့ လုပ်ချင်ရင် နေရာပေးနိုင်တဲ့ အစီအစဉ်လေးတွေ ရှိရမှာပေါ့။ ဒါလည်း ကျနော်တို့အတွက် အများကြီးလိုအပ်တယ်လို့ ထင်ပါတယ်။ မွေးထုတ်တယ်၊ Training ပေးလိုက်တယ်၊ လေ့ကျင့်ပြီးတဲ့နောက် ထိုက်ထိုက်တန်တန် ဘယ်လို အသုံးချမလဲ ဆိုတာလည်း အရေးကြီးတယ်။
အနာဂါတ်မရှိဘူး၊ အနာဂါတ် မခိုင်မာဘူး ဆိုယင် ဘယ်သူမှ မနေချင်ဘူး။ ဒါကိုတော့ ကိုယ်ချင်းစာရမှာပေါ့။ ကျောင်းသားဘက်ကလည်း (လုပ်ကိုင်ပေးဖို့) လိုသေးတယ်။ ဘွဲ့လွန်ပညာသင်တန်းတွေ နိုင်ငံခြား ပြည်တွင်းပြည်ပ သင်တန်းတွေကို အရင်က လုပ်ကိုင်ပေးခဲ့သလို အခုလည်း လုပ်ကိုင်ပေးနေပါတယ်။ မြင်သာ ထင်သာ ပွင့်ပွင့်လင်းလင်း လုပ်ဆောင်နိုင်တဲ့ ခေတ်စနစ်မှာ ဒီသဘောတရားလေးတွေက ပိုပြီး ရှိမှာပဲ။ အဲဒါတွေရှိမှ တိုးတက်ထွန်းကားလာမယ်လို့ ထင်ပါတယ်။
ပြည်တွင်းမှာ အလုပ်အကိုင် ပေးတဲ့ နေရာမှာလည်း နေပျော်အောင် လုပ်ပျော်အောင် လုပ်ပေးရမယ်။ ရန်ကုန်မှာနေတဲ့သူနဲ့ မန္တလေးမှာ နေတဲ့သူနဲ့ ဝေးလံခေါင်ဖျားမှာ နေတဲ့သူတွေက အခြေအနေချင်း ဘယ်တူနိုင်မှာလဲ။
အဲဒီနေရာကိုသွားဖို့ကို အတင်းအဓ္ဓ အမိန့်ထုတ်ပြီး သွားခိုင်းနေလို့ မပြီးပါဘူး။ တရားဟောနေယုံနဲ့လည်း မပြီးပါဘူး။ လက်တွေ့ကျကျ ဖြည့်ဆည်းလုပ်ဆောင်ပေးဖို့ လိုပါတယ်။ ဥပမာဆိုပါတော့ လူတစ်ယောက်ယောက်ကို ဝေးလံခေါင်သီတဲ့ နေရာတစ်နေရာကို ပို့လိုက်ပြီဆိုပါတော့။ ဒီဒေသသည် ဘယ်တိုင်း၊ ဘယ်ပြည်နယ်မှာ ရှိသလဲ။ အဲဒီဒေသကြီး/ပြည်နယ်ကြီးက ဒီဆရာဝန်လေး နေပျော်သွားအောင် လုပ်ပေးဖို့ လိုတာပေါ့။ ဥပမာ- ရန်ကုန်မှာ တစ်သိန်းပေးရင် ဝေးလံတဲ့ နေရာမှာ နေသူကို လစာပိုပြီးပေးရမယ်။ အခွင့်အရေး ပိုပေးရမယ်။ ရန်ကုန်လာဖို့အတွက် တစ်နှစ်မှာ ဘယ်လောက် ကျခံပေးမလဲ။ ပညာရှင်ဆွေးနွေးပွဲတွေ သွားဖို့ တစ်နှစ်မှာ ဘယ်လောက် ခွင့်ပြုပေးမလဲ။ ဘယ်လို တခြားလိုအပ်ချက်မျိုးကို ဖြည့်ဆည်းပေးမလဲ။ တိုတိုပြောရရင် ကိုယ့်ဒေသအတွက် အလုပ်လာလုပ်တဲ့ ၀န်ထမ်းကို မိမိက ဘယ်လို ပံ့ပိုးမလဲ။ ၂ နှစ် ၃ နှစ် ရှိယင် ပြောင်းလို့ ရပြီဆိုတာမျိုး ဖြစ်သင့်တယ်။
အစကတည်းက ကတိက၀တ်နဲ့ လုပ်ပေးစေချင်တယ်။ ၂နှစ်ဆိုလုပ်မယ်။ ၃ နှစ်ဆို မလုပ်ဘူးဆိုတာမျိုး ရှိလာမယ်။ တမေ့တမော ထားမယ်ဆိုတာမျိုးကတော့ မကောင်းပါဘူး။ ဒီကာလမှာလည်း မှန်ကန်ကောင်းမွန်တဲ့ ပံ့ပိုးစောင့်ရှောက်မှုတွေ ပေးမယ်ဆိုရင် လုပ်ပျော်တာပေါ့။ သူနေတဲ့ ကာလအတွင်း ကောင်းကောင်းလုပ်ပေးမှာပေါ့။ ဟိုတုန်းက ပြည်နယ်ထောက်ပံ့မှုနဲ့ လာတာမျိုးရှိတယ်။ အောင်သွားယင် သူ့ပြည်နယ်မှာ နှစ်ဘယ်လောက်ဆိုတာမျိုး လုပ်ပေးရတယ်။ အစကတည်းက မိမိပြည်နယ်အတွက် အကုန်အကျခံပြီး ပြုစုပေးရတဲ့ သဘောမျိုး ရှိပါတယ်။ ဒါလေးတွေလည်း ပြန်လုပ်ပေးမယ်ဆိုရင် အဆင်ပြေပြေလေးတွေ ဖြစ်လာနိုင်စရာ အကြောင်း ရှိတာပေါ့။ ဒါတွေက အဓိက အချက်တွေပါ။ အသေးစိတ်ပြောမယ်ဆိုရင် ပြောစရာ အများကြီး ရှိပါတယ်။

ပုဂ္ဂလိက ဆေးရုံ


ပုဂ္ဂလိကဆေးရုံတွေ ဖွင့်ခွင့်ပေးခဲ့တယ်။ ခွင့်ပြုထားတာနဲ့ အမျှ ပုဂ္ဂလိက ဆေးခန်းတွေ ဆေးရုံတွေ အတွက် ဥပဒေတွေ ထုတ်ပြန်ပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဥပဒေတွေ အသက်ဝင်နေဖို့၊ ဒီဥပဒေနဲ့ အညီ ဆင့်ကဲဆင့်ကဲ ကြည့်ရှု ကြပ်မတ်ပေးဖို့ အင်အားအများကြီး လိုပါတယ်။ သူတို့ စည်းကမ်းတကျ သုံးဖို့၊ သူတို့ အရည်အသွေး ကောင်းမွန်ဖို့၊ ပြည်သူလူထု စိတ်ချမ်းသာဖို့၊ စိတ်ချရတဲ့ အနှစ်သာရ ရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရဖို့ အခွင့်အရေးပေးရုံ၊ လွတ်လပ်ခွင့်ပေးရုံနဲ့ မပြီးပါဘူး။ ထိမ်းသိမ်းကြပ်မတ်ခြင်း သဘောက လိုကိုလိုပါတယ်။ နိုင်ငံတကာမှာ ဥပဒေ ရှိပါတယ်။


မြန်မာနိုင်ငံဆေးကောင်စီ (Myanmar Medical Council)

မြန်မာနိုင်ငံဆေးကောင်စီဟာ အစိုးရရဲ့ လက်အောင်မှာ ရှိနေတယ်။ ထုံးစံအားဖြင့် သူများနိုင်ငံတွေမှာ MMC ဟာ Independent Professional Bodies ကိုယ့်အကျိုးစီးပွားကို သယ်ပိုးတယ်။ ကိုယ့်ကိုကိုယ် ထိမ်းသိမ်းစောင့်ရှောက်တယ်။ သမာသမတ်ကျကျလည်း ရပ်တည်တယ်။ ဆေးပညာတစ်ခုလုံးအတွက် တာဝန်ယူပေးရတယ်။ အသေးစိတ် ပြောရရင် သူတို့မှာ လုပ်ငန်းဆောင်တာတွေ အများကြီး ရှိတယ်။ အဲဒါတွေကို လုပ်ကိုင်ဆောင်ရွက်တဲ့နေရာမှာ လွတ်လွတ် ကျွတ်ကျွတ်နဲ့ ဓမ္မဓိဌာန်ကျကျ ကိုယ့်လောကကို ကိုယ်စောင့်ရှောက်ဖို့ လိုအပ်ပါတယ်။ ဒါတွေကို လွတ်တော်မှာ အကျိုးနဲ့ အကြောင်းနဲ့ တင်ပြခဲ့တာတွေကို အားပေးလက်ခံကြတယ်။ ဒါကြောင့် မြန်မာနိုင်ငံဆေးကောင်စီကို လွတ်လပ်သော Professional Body ဖြစ်အောင် ကြိုးပမ်းနေတယ်။
အဲဒီမှာလည်း ဥပဒေတွေ ရှိပါတယ်။ ဒါတွေကို ပြန်ပြောင်းပြုင်ြပြီးတော့ ၀ိုင်းဝန်းလုပ်ကိုင်ရမယ့် အပိုင်းပါ။ စိုင်းပြင်းနေကြပါပြီ။ ကျနော်ကလည်း နှိုးဆော်ထားပါတယ်။

ဆေးပညာရှင်များ ကာကွယ်ရေးအဖွဲ့

ဆေးပညာဆိုင်ရာ ကာကွယ်စောင့်ရှောက်မှု့အသင်း ကလည်း ဆေးလောက တစ်ခုလုံးကို ကာကွယ်စောင့်ရှောက်ဖို့ပဲ။ ဆရာဝန်နဲ့ ဆေးပညာဝန်ထမ်းတွေကို ပဲ စောင့်ရှောက်တာ မဟုတ်ပါဘူး။ ဆရာဝန်၊ ဆေးပညာ ၀န်ထမ်းအပြင် လူနာ၊လူနာရဲ့ မိသားစုတို့ကို စောင့်ရှောက်ခြင်းသဘောတို့လည်း ပါဝင်ပါတယ်။ ပြဿနာမဖြစ်အောင် ကာကွယ်ခြင်း၊ ပြဿနာလျော့ပါးသွားအောင် ကြိုးစားဆောင်ရွက်ခြင်း၊ ကျင့်ဝတ်သိက္ခာနှင့် လျော်ညီသော ကုသမှုမျိုးပေးနိုင်ဖို့၊ လျော်ညီစွာလုပ်ဆောင်ပေးနိုင်ဖို့ အရည်အသွေးရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှုမျိုး ပေးနိုင်ဖို့ ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။ အဲဒါအပြင် တကယ်လို့များ လွယ်လင့်တကူမဟုတ်ဘဲ ပြဿနာတစ်ခု ရှိခဲ့ရင်၊ အရေးအကြောင်း ကိစ္စပေါ်ခဲ့ရင် မျှတမှုနဲ့ လုပ်ကိုင်ဆောင်ရွက်ပေးနိုင်အောင် တရားမျှတမှု ရှိအောင် လုပ်ဆောင်သွားရမယ်။ ဆရာဝန်ဖက်က မှားလို့ လျော်ဖို့လိုရင်လည်း လျော်ပေးရမှာပေါ့။ လူနာအတွက် ထိုက်ထိုက်တန်တန် လျော်ကြေးပေးရမှာပေါ့။ ဆရာဝန်မှာ အပြစ်မရှိဘူး ဆိုရင်လည်း အပြစ်မရှိတဲ့အလျောက် အကျိုးနဲ့အကြောင်းနဲက အချက်အလက်တွေနဲ့ စုံစမ်းမေးမြန်းပြီး ရပ်တည်မှုပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။

ဆေးပညာ မတိုးတက်ရတဲ့ အကြောင်းရင်း

ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ပေးတဲ့ ဌာနဆိုင်ရာ သဘောမျိုးမှာ ဆရာဝန်တစ်ယောက်အနေနဲ့ အခက်အခဲတွေ ရှိခဲ့ပါတယ်။ အဲဒီတုန်းက ကြုံတွေ့ခဲ့ရတာ ၂ ချက်ရှိတယ်။ တစ်ချက်က ဗဟိုချုပ်ကိုင်မှုများပြားတာ၊ နောက်တစ်ချက်က ငွေရေးကြေးရေး မပြည်စုံဘူး။ ထောက်ပံ့မှုတွေ ရခဲ့တယ်ဆိုပေမဲ့ ပြင်ပက ပြည့်ပြည့်၀၀ မထောက်ပံ့နိုင်ပါဘူး။ ဘတ်ဂျက်ပိုင်းကို ဘယ်လောက်ပဲ တိုးပေးပါတယ် ပြောပြော လုံလောက်တယ်လို့ မရှိခဲ့ပါဘူး။ ပညာရေးနဲ့ ကျန်းမာရေး ၀န်ကြီးဌာနတွေဟာ ဘဏ္ဏာငွေ ရှာပေးနိုင်တဲ့ ဌာနတွေ မဟုတ်ပါဘူး။ အယူဖက်ကချည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျနော်တို့ဆေးရုံတွေမှာ ရှိတဲ့ စရိတ်မျှပေး အစီအစဉ်က အောင်မြင်တဲ့နေရာရှိသလို၊ မအောင်မြင်တဲ့နေရာလည်း ရှိပါတယ်။ အောင်မြင်တဲ့နေရာတွေမှာ တော်တော်ကြီးကို အောင်မြင်ပါတယ်။ မအောင်မြင်တဲ့နေရာကို ပံ့ပိုးနိုင်ပါတယ်။ ဒါပေမဲ့ အကျိုးအမြတ်အားလုံးရဲ့ ရာခိုင်နှုန်း အနည်းငယ်ကိုပဲ ပုံပိုးနိုင်ပြီး ရာခိုင်နှုန်းအချို့ကို အစိုးရထဲ တင်သွင်းရပါတယ်။ ဥပမာ- ဆေးရုံကြီးတစ်ရုံပေါ့၊ ဆေးရုံကြီးတစ်ရုံက ရှာလို့ရတဲ့ ၀င်ငွေကို ဆေးရုံပြင်ဆင်ဖို့၊ ဆေးပစ္စည်းဝယ်ဖို့၊ ၀န်ထမ်းတွေချီးမြှင့်ဖို့အတွက် သုံးပိုင်ခွင့် မရှိပါဘူး။ အမြတ်ငွေရာနှုန်းအတော်များများကို ဗဟိုကို ပြန်ပေးလိုက်ရပါတယ်။ ဆေးလောကအတွက် အခက်အခဲတွေ အများကြီး ရှိခဲ့ပါတယ်။ နိုင်ငံတကာကပေးတဲ့ ပုံပေးနည်းစနစ်က (နိုင်ငံရေးကြောင့်) လက်ခံနိုင်ဖွယ်ရာ သိပ်မရှိသလို ပေးတဲ့ ပမာဏကလည်း အားရစရာ မရှိခဲ့ပါဘူး။

မျှော်မှန်းချက်

ဒီခေတ် ဒီအခါမှာ အကူအညီပိုရဖို့ အစိုးရက ဘတ်ဂျက်ပိုချပေးဖို့ မျှော်မှန်းပါတယ်။ ကျနော်တို့ဘာသာ ရှာတဲ့အင်အားကို ကျနော်တို့အတွက် များများသုံးနိုင်ဖို့ မျှော်မှန်းပါတယ်။ မဝေးတော့တဲ့ အနာဂတ်မှာ ကောင်းရာကောင်းကြောင်းတွေ ရဖို့ မျှော်မှန်းပါတယ်။ အခုလောလောဆယ်မှာတော့ ငွေကြေး အင်မတန်ရှားပါးပါတယ်။ အခုခေတ် ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မယ်။ အစိုးရရဲ အုပ်ချုပ်ပုံစနစ်ကလည်း ပြောင်းလဲသွာပြီ။ ပေါ်လစီတွေကလည်း ပြောင်းလဲသွားပြီဆိုတော့ အရင်ကထက် တိုးတက်ကောင်းမွန်လာဖို့ မျှော်မှန်းပါတယ်။ တိုးတက်ကောင်းမွန်မယ့် အလားအလာ အခြေအနေတွေလည်း မြင်တွေ့နေရပါတယ်။
ဒီခေတ်ဒီအခါက အပြောစောင်လို့ မရပါဘူး။ ခိုင်းတာကို စောင့်နေဖို့ မလိုပါဘူး။ ကိုယ့်စိတ်ကူး၊ ကိုယ့်အရည်အချင်း၊ ကိုယ့်စေတနာလေးနဲက လက်လှမ်းမီသလောက်လေး အချင်းချင်း ၀ိုင်းဝန်းလက်တွဲပြီး လုပ်သွားဖို့ အများကြီး လိုပါတယ်။ လွှတ်တော်ထဲမှာ ကိုယ်လိုချင်တာလေးတွေကို တင်ပြပါ။ မိန့်ခွန်းအနေနဲက အဆိုအနေဲ့ ဥပဒေကြမ်းအနေနဲ့ တင်ပြလို့ ရပါတယ်။ လိုအပ်တာလေးတွေကို ကိုယ့်ဘက်က စိတ်ဝင်တစားနဲ့ ကိုယ်ထူကိုယ်ထလေး လုပ်သွားရင် နိုင်ငံတော်တိုးတက်မှုက ပိုပြီး မြန်မှာပေါ့။ အလိုက်သင့် ရေစုန်မျောပြီး ဟိုဟာမရှိ၊ ဒီဟာမရှိ ပြောနေတာမျိုး မလုပ်သင့်တော့ပါဘူး။ အပြုသဘော စိတ်ဓါတ်နဲ့ ၀ိုင်းလုပ်ဖို့ အချိန်တန်ပါပြီလို့ ပြောချင်ပါတယ်။ အားနည်းနေတာ၊ နှေးကွေးနေကြတာကိုလည်း ပြင်စေချင်ပါတယ်။


XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

အယ်ဒီတာ-
တိုင်းပြည်တပြည် ထူထောင်ရာတွင် အစိုးရနှင့် ပြည်သူလူထုသည် တစ်သွေးတစ်သားတည်း ဖြစ်ဖို့ လိုအပ်နေပါပြီ။ အထူးသဖြင့် ပြည်သူလူထု၏ ဆန္ဒနှင့် လိုအပ်ချက်များကို အစိုးရအနေဖြင့် သိရှိဖို့ လိုအပ်ပါသည်။ အစိုးရနှင့် ပြည်သူလူထုကြား လွဲချော်အဆက်ပြတ်နေသော အပိုင်းအစများလည်း ရှိကောင်းရှိခဲ့မည်။ ထို့ကြောင့် The Street View Journal အနေဖြင့် ဆရာဝန် တစ်ဦးလည်း ဖြစ်ခဲ့၊ ကျန်းမာရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်လည်းဖြစ်ခဲ့၊ ပါမောက္ခချုပ်လည်း ဖြစ်ခဲ့သည့်အပြင် ယခုလက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်နေသည့် ဒေါက်တာမောင်မောင်ဝင့်နှင့် တွေ့ဆုံခဲ့ပါသည်။ ဆရာဒေါက်တာမောင်မောင်ဝင့်ကလည်း ခေတ်အဆက်ဆက် ကြုံလာခဲ့သည့် မြန်မာနိုင်ငံ၏ ဆေးလောကအပေါ် ဝေဖန်သုံးသပ်ဆွေးနွေးသွားခဲ့ပါသည်။


XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

The Street View Journal vol 1 no 3 မှ “မြန်မာနိုင်ငံဆေးလောကကို ပြုပြင်ပြောင်းလဲလိုသည့် ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်မောင်ဝင့်” ဆောင်းပါးကို အများအကျိုးအတွက် ခွင့်မတောင်းပဲ ရိုက်တင်ခဲ့မိခြင်းအတွက်  အဆိုပါ ဂျာနယ်အား အနူးအညွတ် တောင်းပန်ပါသည်။
by Maung Maung Oo on Monday, January 23, 2012 at 9:23pm

2 comments:

  1. ဆရာကြီး၏ ဝေဖန်မှုဖြင့် ကြိုးစားအဖြေရှာပြီး ကောင်းမွန်အောင် ဆောင်ရွက်သွားနိုင်ကြရန် ဆန္ဒပြုပါသည်။

    ReplyDelete
  2. Maung Maung Oo
    အဖုံးမှာ စာလုံးမည်းကြီးနဲ့ “ဆရာဝန်လောကမှာ ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ အားနည်းလာ” လို့ ခေါင်းစည်း မတင်ပဲ “ပုဂ္ဂလိက ဆေးရုံတွေ အတွက် ဥပဒေ ရှိပေမဲ့ ဥပဒေအတိုင်း မလုပ်နိုင်သေး” လို့ပဲ တင်ထားပါတယ်။


    Than Sitt
    thuraing thoing ဆရာကြီးဒီဂျီလုပ်ခဲ့တုန်းက ကော ခုလိုဖြစ်မယ်ဆိုတာ ကြိုသိခဲ့ပါတယ့်။ ပြင်ဖို့လည်းကြိုးစားခဲ့ပါတယ်၊လုံလောက်တဲ့အားမရှိခဲ့ပါ၊စီမံခွင့်မရခဲ့ပါ၊သူမေးခွန်းတိုင်းကိုဖြေဆိုနှိင်စွမ်းရှိပေမဲ့စကားရှေ့နောက်ဆင်ခြင်ပြိးဇြေကောင်းမှဖြေပါမယ်။


    Phyo Pyisone
    ဆရာဒီထဲမှာ ကျွန်တော်တို့ လွတ်နေတဲ့ ဆရာဝန်တွေအတွက် ဘာစီမံကိန်းမှမပါဘာလားဗျာ။ ကိုယ့်အရေးကိုယ်ဆိုဖို့သာပါပါတယ်။ တကယ်ဆိုကျွန်တော်တို့က သူတို့ပြောတဲ့ လူ့စွမ်းအား အရင်းမြစ် မဟုတ်ဘူးလားဗျာ။ အစဉ်အလာရ posting စောင့်နေရပေမယ့် မခန့်နှိင်တော့ဘူး ဆိုရင်ထွက်ပေါက်လေးတော့ပေးသင့် ပါတယ်။ ထွက်ပေါက်ဆိုတဲ့နေရာမှာလည်း ကျွန်တော်တို့ရဲ့ professional နဲ့ဆိုင်တဲ့ ဆရာဝန်အားလုံးလွတ်လပ်စွာကြိုးပမ်းနှိင်တဲ့ထွက်ပေါက်မျိုးကိုဆိုလိုတာပါ။ ဆမ ပေးပြီးပြီဘဲ ကိုယ့်ထွက်ပေါက်ကိုရှာတော့ ဆိုရင်အခုလိုဘဲ နှိင်ငံခြားထွက်(with non medical) ၊ ဆရာဝန် စီးပွားလုပ်ငန်းရှင် ၊ ဆရာဝန် ဈေးသည်တွေဖြစ်လာမှာပါ။ အနည်းစု ကသာ survive ဖြစ်မှာပါ။ ဒီလိုဆိုဘွဲ့ရခဲ့ပြီးမှ နှမျောစရာပါ။ စံနှုန်း မရှိ၊ ရေရှည်စီမံကိန်းမရှိ ကြုံသလို road map နဲ့တကြိမ် ငါးရာခေါ်နေမယ့်အစာ့း rules တွေကိုဖြေလျှော့ပေးသင့်ပါတယ်။
    Service two years ရှိမှ ဘွဲ့လွန်ဖြေခွင့် ဆိုတဲ့ rules ဟာမရှိသင့်တော့ပါ။ batch အလိုက် quality control ဖွင့်ပေးသင့်ပါတယ်။ ကျွန်တော် တော်လွန်း၍ပြောခြင်းမဟုတ်ပါ။ သို့သော် တော်လွန်းသောသူငယ်ချင်းများ နှင့် ငုတ်တုတ်မေ့နေသောဘဝများ ။ လုပ်နိုင်ပါ့မလားဆိုလျှင် စစ်ဆေးများ ကိုသာ လက်ညှိုးထိုးရပေတော့ မည်။ ဘွဲ့လွန်ဆိုသည်မှာ clinical မဆိုထားနှင့်
    Radiologist, pathologists, pharmacist, public health and so on မိမိ နှိင်ငံ နှင့်ပြည်သူများအပေါ် များစွာအင်အားဖြစ်နှိင်မည်။ ဤသို့ဆိုလျှင် မိမိတို့၏ profession ကိုစွန့်ကြမည်မထင်ပါ။ နှိင်ငံရပ်ခြားသို့ သွားသည့် ၊သွားဉီးမည့် သူငယ်ချင်းများလည်း သွားတော့မည်မ ထင်ပါ။
    2003 + batches ဆရာဝန်ဘဝများ ဆက်လက်ရှင်သန်ရန် ဆန္ဒပြုပါ၏ ။ ။ ။

    ReplyDelete

Note: only a member of this blog may post a comment.