Monday 27 February 2012

မလေးရှားမှာ ဆရာဝန်အလုပ်လာလုပ်တော့မယ်ဆိုရင် (၁)

by Myo Nyunt on Friday, February 10, 2012 at 1:30pm ·
မလေးရှားနိုင်ငံ ကျန်းမာရေး ဌာန က ယနေ့အထိ မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန်၊ အင်ဒိုနီးရှား၊ အီရန် အစရှိတဲ့ နိုင်ငံတွေက ဆရာဝန် တွေ ကို အလုပ်အကိုင် ပေးနေပါသေးတယ်။ လာအလုပ်လုပ်ကြတဲ့ ဆရာဝန်တွေကို အုပ်စုခွဲရင်

(၁) MO (Medical Officer) (၂) Specialist
(၃) Teaching (Lecturer, Associate Professor and Professor)
လို့ အုပ်စု ခွဲ လို့ရမယ်ထင်ပါတယ်။
မလေးရှားနိုင်ငံကို ကြည့်ရင် လူဦးရေ ၂၈ သန်းကျော် ရှိပြီး၊ မြိုတော် ကွာလာလန်ပူ အပါအဝင်ဖြစ်တဲ့ Peninsular Malaysia ကို အနောက် မလေးရှားလို့ခေါ်ပြီး ၊ Borneo ကျွန်းရဲ့ မြောက်ဖက် အပိုင်းကို တော့ ၊ အရှေ့ မလေးရှားလို့ခေါ်ပါတယ်။ Borneo ကျွန်းကြီးမှာ ... တောင်ဖက်က အင်ဒိုနီးရှားအပိုင်၊ မြောက်ဖက်က မလေးရှားပြည်နယ် နှစ်ခုနဲ့ ဘရူနိုင်း နိုင်ငံတို့ ပါဝင်ပါတယ်။
Borneo ကျွန်း (အရှေ့ မလေးရှား) မှာ ပါဝင်တဲ့ ပြည်နယ် နှစ်ခုက တော့ Sarawak နဲ့ sabah တို့ ပဲဖြစ်ပါတယ်။ Sarawak ရဲ့ ပြည်နယ် မြို့တော်က Kuching ၊ Sabah ပြည်နယ် မြို့တော်ကတော့ Kota Kinabalu (KK) ပါ။ တောရောမြို့ပါ ၂၄ နာရီ လျှတ်စစ်မီး ရတာရယ်။ GSM ဖုန်းကို တောရော မြို့ပါ နေရာမရွေးသုံးလို့ ရတာရယ် ရှိပါတယ်။
ဒီအကြောင်းတွေဘာကြောင့် ပြောရလဲ ဆိုတော့ လာပြီး အလုပ်လုပ်မယ့်သူအတွက် သိထားသင့်တယ် ထင်လို့ ပါ။
Sarawak ပြည်နယ် က မြို့ ဆိုပါစို့ တရုပ်လူမျီုး က အများဆုံးနေကြလေ့ရှိပါတယ်။ ကျေးလက်ဒေသတွေမှာတော့ ဌာနေ လူမျိုး ဖြစ်ကြတဲ့ အီဗန်လူမျိုးက အများဆုံး၊ ဘီဒါယုလူမျိုး၊ မယ်လာနောင် လူမျိုး စသည်ဖြင့် နေထိုင်ကြပါတယ်။ အစိုးရဝန်ထမ်း အများစုကတော့ မလေးလူမျိုးများဖြစ်ပါတယ်။ မလေးလူမျိုးအများစုဟာ အနောက်မလေးရှားက လာသော လူများဖြစ်ပါတယ်။
ဆေးရုံမှာ လူနာ ဆိုရင် တရုပ်စကား တစ်မျိုးပဲပြောတတ်တဲ့ လူနာရှိပါတယ်။ မလေးစကားပြောတတ်တဲ့ လူနာ ရှိပါတယ်။ အီဗန်စကားတစ်မျိုးထဲပြောတဲ့ လူနာရှိပါတယ်။ အခါတလေ History ယူတဲ့ အခါ Consent ယူတဲ့ အခါ မလေးနိုင်ငံသား အချင်းချင်းကိုပဲ ဘာသာပြန်နဲ့ စကားပြောရတာတွေ ရှိပါတယ်။
တက္ကသိုလ် ဝင်တန်း ပြီးလောက်ထိ ကျောင်းနေဖူးတဲ့ သူ၊ ဘွဲ့ ရတဲ့ သူ စသူတွေကတော့ လူမျိုးစုံ ဘုံစကားအနေနဲ့ အင်္ဂလိပ်စကားကို ပြောကြပါတယ်။
ကျွန်တော်တို့ မြန်မာ ဆရာဝန် ။ ဆေးရုံ ဆေးခန်းမှာ အလုပ်လုပ်တဲ့ အခါ ။ သူနာပြု များ ဆေးရုံ ဝန်ထမ်းများ နဲ့စကားပြောရင် အင်္ဂလိပ်လိုပြောကြလို့ အဆင်ပြေပါတယ်။ လူနာနှင့် စကားပြောရာမှာတော့ အင်္ဂလိပ်လိုပြောလို့ ရတဲ့ အခါ ရှိ သလို၊ ဘာသာပြန် (များသောအားဖြင့် သူနာပြု)က တဆင့် ပြောရတဲ့ အခါတွေလဲ ရှိပါတယ်။
မလေး၇ှားမှာ အစိုးရရော၊ ပုဂ္ဂလိကပါ ဖွင့်တဲ့ ဆေးကျောင်းတွေ အများကြီး ရှိပါတယ်။ တစ်နှစ်တစ်နှစ် ဆရာဝန် အသစ်တွေများစွာ ထွက်ပါတယ်။ ဆေးကျောင်းက ၅ နှစ်တက်ရပြီး အလုပ်သင် ကတော့ ၂ နှစ်ဆင်းရပါတယ်။ အလုပ်သင်ကာလ မှာတော့ နေ့တိုင်းလိုလို စာမေးခံရတယ်။ စာသင်ခံရတယ်။ ကျေနပ်ဖွယ် မရှိရင်လဲ Extension ဆွဲခံထိ ပါတယ်။ ဒါပေမဲ့ အလုပ်သင်လစာကတော့ မဆိုးပါဘူး ကောင်းပါတယ်။ ဆေးကျောင်းသားတစ်ချို့ပြောတာကတော့ မလေးက ဆရာဝန်ကို ဥရောပ နိုင်ငံတွေက အသိအမှတ်မပြုဘူးလို့ပြောတာပါပဲ။ ဒါပေမဲ့ တစ်နှစ်တစ်နှစ် နိုင်ငံခြားထွက် အလုပ်လုပ်ကြတဲ့ ဆရာဝန်တွေ လဲ မနဲပါဘူးတဲ့။ တချို့က ပြည်တွင်းမှာ ၃-၄ နှစ် MO လုပ်ပြီး နိင်ငံခြားထွက်တယ်။ အချို့ကျတော့ ဆေးရုံမှာ ၄ - ၅ နှစ်လုပ်လို့ လူနာတွေက ကိုယ့်ကို သိသွားပြီ ဆိုရင် ဆေးရုံ အလုပ်မလုပ်တော့ပဲ အပြင်ဆေးခန်း အလုပ်ပြောင်းလုပ်တယ်။ ဝင်ငွေကောင်းတာကိုး။

အဲဒီလိုနဲ့ပဲ ဆေးရုံတွေမှာ MO , Specialist အမြဲ လိုနေတတ်တယ်။ အလုပ်သင်ပြီးရင် နိုင်ငံခြားထွက် ဖို့ လုပ်ချင်လုပ် ၊ ဒီလိုမှ မဟုတ်လို့ ပြည်တွင်းဆေးရုံမှာလုပ်ရရင်လဲ နောင်တစ်ချိန် အပြင်ဆေးခန်း လုပ်ငန်းကိုပြောင်းရရင် အခြေချရလွယ်အောင်.... အနောက်မလေးရှားက ဆေးရုံတွေကိုပဲ အလုပ်လျှောက်ကြတယ်။ အနောက်မလေးရှားက ဆေးရုံတွေမှာပဲ ပြုံတိုးနေကြလို့။ တဖြည်းဖြည်းနဲ့ ဆေးကျောင်းပြီး ၊ အလုပ်သင်ပြီး ၊ ဆေးရုံ ၊ ဆေးခန်း အလုပ်မရကြသေးတဲ့ ဆရာဝန်သစ်လွင်တွေပေါများလာတယ်။ မြန်မာပြည်က “အလုပ်လက်မဲ့ ဆရာဝန်” ဆိုသလိုမျိုးပါ။
အနောက်မလေးရှားမှာ အလုပ်မရသေးတဲ့ ဆရာဝန်တွေ ဘယ်လောက်ပေါပေါ ... အရှေ့ မလေးရှားကဆေးရုံတွေ ကိုတော့ လာမလုပ်ချင်ကြဘူးဆိုပါတယ်။ ဒါကြောင့်လဲ Sarawak ပြည်နယ်နဲ့၊ Sabah ပြည်နယ်တွေမှာရှိတဲ့ အစိုးရ ဆေးရုံတွေ မှာ မြန်မာ အစ ရှိတဲ့ နိုင်ငံခြားသား MO တွေ ကို အမြဲလိုလို အလုပ် ပေးနိုင်နေတာပါ။........
မြန်မာပြည်ကနေ မလေးရှားမှာ MO အလုပ်လုပ်ချင်တယ်ဆိုရင် မလေးရှားပြည်ထောင်စု ကျန်းမာရေး ဝန်ကြီးဌာနကို On-line လျှောက်ရပါတယ်။ မြန်မာပြည်မှာ အလုပ်သင်ပြီး အစိုးရဆေးရုံမှာ ဖြစ်ဖြစ် ၊ ပုဂ္ဂလိကဆေးရုံ မှာ ဖြစ်ဖြစ်၊ MO လုပ်သက် (Training) ၃နှစ် အနည်းဆုံး ရှိသင့်တယ်လို့ ဆိုပါတယ်။ MO အခြေခံ လစာ က ရင်းဂစ် ၃၅၀၀ လို့ပြောပါတယ်။ ဒါကို P1T1 လို့ခေါ်ပါတယ်။ တစ်နှစ်ကို ရင်းဂစ် ၂၀၀ လောက်တိုးသွားပါတယ်။ P1 T2, P1 T3 ... အချို့ကျတော့ အလုပ် စလျှောက်ကထဲက မြန်မာပြည်မှာ MO ဖြစ်ဖြစ် ၊ Specialist ဖြစ်ဖြစ် လုပ်သက် ၅ နှစ် ၆ နှစ် ရှိနေပြီးသားဆိုရင် ၊ စတင် အလုပ် ခန့် ကထဲက P1 T4 စသည်ဖြင့် အခြေခံလစာ ရကြပါတယ်။ အခြေခံ လစာအပြင် ... accomodation allowance, Regional Alowance, Critical Allowance စသည်ဖြင့် ထပ်ဆောင်းရတဲ့ငွေ တွေပေါင်းရင် တစ်လ တစ်လ ကိုယ့် ဘဏ်စာရင်းထဲကို ရင်းဂစ် ၅၀၀၀ ကျော်လောက် ဝင်ပါတယ်။ အဲဒီ အထဲက အခြေခံလစာ နဲ့ အချို့ Allowance ငွေတွေ အပေါ်မှာ ၊ ရာခိုင်နှုန်းတစ်ခုနဲ့ မလေးရှား အစိုးရကို အခွန်ဆောင်ရပါတယ်။
နောက်ထပ်ဝင်တဲ့ ဝင်ငွေကတော့ ဆေးရုံမှာ လုပ်တဲ့ သူက ၂၄ နာရီ ဂျူတီကျရင် ၊မိမိရာထူးအဆင့် အလိုက် သတ်မှတ် ငွေပေးပါတယ်။ ဥပမာ ကိုယ့်ဂျူတီ မဟုတ်ပေမဲ့ ညဘက် လာရောင်းရတယ်ဆိုပါစို့ ကိုယ်အချိန်ပို လုပ်ရတဲ့ နာရီ အလျှောက် အချိန်ပိုကြေးရပါတယ်။ ဆေးရုံ တွေမှာ MO နဲလို့ ၃ရက် တခါ ၄ ရက် တခါ လောက် ဂျူတီကျနေရင် .. လစာရင်းရော အချိန်ပိုပါပေါင်း ရင် တစ်လ ကို ရင်းဂစ် ၆၀၀၀ -- ၇၀၀၀ လောက်အထိ ရနိုင်ပါတယ်။
MO အနေနဲ့ ဆေးရုံတွေ မှာ လုပ်ရင် .. မြို့ကြီး ပြကြီး ဆေးရုံကြီးမှာတော့ မလုပ်ရတတ်ပါဘူး။ မြို့နယ် အဆင့် ၊ တိုက်နယ် အဆင့် ဆေးရုံတွေမှာ ပဲ လုပ်ရပါတယ်။ အချို့ကျတော့ သားသမီးတွေလဲ ပါလာတယ်။ ကျောင်းလဲ ထားတယ် ဆိုရင် ၊ မြို့ကြီးမှာပဲ နေချင်တဲ့သူတွေ ရှိပါတယ်။ မြို့ကြီး တွေမှာ.. တက္ကသိုလ် ဆေးခန်း၊ ဒေသန္တရ ဆေး ခန်းလို နေရာမျိုးတွေ မှာ လုပ်လို့ရပါတယ်။ ၂၄ နာရီ ဂျူတီ မရှိ သလောက်ဖြစ်ပြီး အချိန်ပိုကြေး နည်းပါတယ်။.......
Malaysia Medical Council (MMC) registration နဲ့ Annual Practicing Certificate (APC) ကိစ္စ၊ မိမိကိုယ်တိုင်နဲ့ ဆွေမျိုးတွေ အတွက် Immigration ကိစ္စ၊ အရှေ့မလေးရှား ကကျန်းမာရေးစောင့်ရှောက်မှုစနစ်နဲ့ ဆေးရုံ ဆေးခန်း လုပ်ငန်းအတွေ့အကြုံ၊ နေရေးထိုင်ရေးနဲ့ သားသမီး ပညာရေး၊ မိမိကိုယ်တိုင် ဘွဲ့လွန်တက်ဖို့ အရေး၊ Specialist လုပ်လိုသူ၊ Teaching မှာလုပ်လိုသူ တို့သိထားသင့်တာတွေ ၊ စတာတွေကို ..
ဆက်ပါဦးမယ်...

No comments:

Post a Comment

Note: only a member of this blog may post a comment.