Thursday 26 January 2012

ပညာရေး သင်ပုန်းကြီးဖတ်စာ (၁) (မောင်နေလွင် လက်ဆော့သည်။)

ပညာ၊ ပညာရပ်ဆိုင်ရာ၊ ပညာရေး၊ ပညာသင်ကြားရေး ဟူသော စကားစပ်များမှာ ကျွန်တော် အဖို့ အင်မတန်မှ အူချာလည်သော စကားလုံးများ ဖြစ်သော်လည်း အမည်နာမ တတ်ပြီး စသူကစလေရာ ကျွန်တော် ထင်ရာတွေ တင်ဆက်သွားမည်ဖြစ်ပါကြောင်း၊ :)
သို့ပါ၍ ဤစာ၏ ရည်ရွယ်ရင်းကိုက ရိုးရိုးသာဖြစ်လေရာ ကိုးကားချင်သူများ သီးခံကြစေလို။

ပညာရေး (ပညာသင်ကြားရေး) လို့ဆိုရင် ပထမစဉ်းစားမိတာက

၁။ သင်ကြားသူ (ဆရာ)
၂။ သင်ယူသူ (တပည့်)
၃။ သင်ကြားသင်ယူရာ ပတ်ဝန်းကျင်

်လို့သုံးချက်ကစမြင်ပါတယ်။ ဘာလို့ သုံးချက်ကစမြင်သလဲဟု မေးလာရင် အကျင့်ပါနေ၍သာ :)

မယုံရင်ကြည့် စိတ်ဓာတ်-စည်းကမ်း-ပညာ၊ မိဘ-ဆရာ-ကျောင်းသား၊ Agent-Host-Environment ၊ Knowledge-Attitude-Practice တဲ့။ ဆွဲထားရင်လဲ သုံးနားညီတြိဂံ တွေချည့်ပဲ၊ ၃ ခုဆိုရပြီ၊ ဘာစတုတ္ထ မဏ္ဍိုင်မှမလိုဘူး၊ သူ့ဘာသာဆိုရှင်းနေတာ။ :P

ဒါဆိုလဲကွယ် ပညာဆိုတာကြီးကဘာကြီးလဲ ဘာလို့သင်နေကြရတာလဲ ဆိုရင်တော့ ငယ်စဉ်ကထဲက သဘောကျခဲတဲ့ ဆရာကြီးဒေါက်တာသန်းထွန်းစကားပြန်ကိုးကား ပါရစေ။ မေးတဲ့သူရဲ့မေးခွန်းက "သမိုင်းဘာလို့သင်တာလဲ၊ တခွန်းထဲနဲ့ဖြေပါတဲ့" ။ ဆရာကြီးဖြေလိုက်တာက "မအ အောင်လို့ပါ တဲ့" ။ ကဲ အကုန်ပါရော။

ကျယ်ကျယ်နဲ့ကြီးကြီးတွေပြောရရင်၊ လူနဲ့တိရိစ္ဆာန် တို့ရဲ့ တိုးတက်လာမှု မှာ အစဉ်အဆက် မှတ်သားထားတဲ့ အသိတွေကို မျိုးဆက်အလိုက် လွဲပြောင်း ပေးနိုင်ခဲ့မှုက ကွာခြားသွားတယ်လို့ ထင်ပါတယ်။

တဖြည်းဖြည်းနဲ့ မှတ်စရာတွေကများလာတော့ External Hard-disk ထဲထဲ့ရတာပေါ့။ နော့ ကိုပြည့်ဖြိုး။ :)
မှတ်စရာတွေကလဲများ လူတွေကလဲမအားနဲ့ ဒီလိုဆိုခက်ရချည်သေးဆိုပြီး ကဲ ငါတို့ထဲက များများတတ်တဲ့သူက နောက်လူတွေကို သင်လိုက်ကွာ၊ မင်းစားဖို့နေဖို့ အတွက်ပူမနေနဲ့ ငါတို့တာဝန်ထား ဆိုပြီး ဆရာကြီးမြှောက်လိုက်တာဖြစ်မှာပေါ့။ တချို့ကလဲ ဒီကောင်ငါ့လောက်တော့ မတတ်ပါဘူးကွာ၊ ဒါပေသိ ငါဝင်ပြောမိရင် ငါသင်နေရမယ်၊ မဖြစ်ချေဘူး၊ ဒင်းတို့ ကျွေးထားမယ်ဆိုတာ ငါ GP ခုတ်သလောက် ရမှာမသေချာဘူး လို့တွေးတဲ့သူလဲရှိမှာပေါ့၊ (ရှေးတုံးကပြောတာနော် :P)

အဲဒီလိုနဲ့ကြာလာပြန်တော့ ဆရာကြီးခမြာလဲ သူမှတ်လို့မနိုင်အောင်ရှိလာတော့ ဒီပုံဆို ငါနာမည်ပျက်ရတော့မယ်၊ အကုန်လိုက်မှတ်လို့ မဖြစ်ဘူး၊ ပိုင်တာလေးပဲ သင်မယ်ဆိုပြီး အထူးပြု ဘာသာရပ်ရယ်လို့ ဖြစ်လာတာနေမှာပေါ့၊ သစ္စကကြီးတို့မောင်နှမတွေတောင် အဖေ့ဆီကဝါဒငါးရာ အမေ့ဆီကဝါဒငါးရာ သင်ရတာ။ သူတို့လင်မယားချင်းတော့သင်ပုံ မရဘူးဗျ။

တပည့်တွေကကော အခုလိုပဲလား၊ အဲလိုပဲဖြစ်မှာပေါ့ဗျာ၊ နိုင်သလောက်သွားသင်ကြ၊ တတ်သလောက်နဲ့လုပ်ကိုင်စား၊ ဘာသာစုံ ဂုဏ်ထူးထွက်ရင် ဆရာကြီးက ဆုအကြီးကြီးချတာပေါ့ဗျာ၊ သမီးတောင်ပေးသေးတာ။ :P လုံးလုံး ပညာမသင်မိလို့ကတော့ဗျို့ ပြောကြလိမ့်မယ်၊ နင်သာလူမိုက်ဒုစရိုက်တဲ့၊ နာမဲ့သာကြံ။

အဲဒီတော့ မြန်မာပြည်မှာကောကွယ် အခုခေတ်စားနေတဲ့ Student Centered Learning တို့ဘာတို့တော့ ရှိလောက်ပါဘူးလို့ ဆိုလာရင်တော့
ဆရာကိုစိုးမင်းတောင် လေယာဉ်ပျံအစ ဒဿဂီရိကလို့ ဆိုသေးတာ၊ တို့ကလဲ ပညာရေးအစ တကောင်းကလို့ ပြောမှာပေါ့၊ မောင်ပေါက်ကျိုင်းတောင် နဂါးနိုင်မင်းဖြစ်သေးတာပဲ။ :)

ဒီနေ့အဖို့တော်ပြီဗျာ။ :D

No comments:

Post a Comment

Note: only a member of this blog may post a comment.